နေပြည်တော် ဇန်နဝါရီ ၅
ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်၏ ရည်မှန်းချက်များ၊ စီးပွားရေးဆိုင်ရာ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားပြီး Export စျေးကွက်ဝယ်လိုအားရှိသော ဆန်များ ထုတ်လုပ်နိုင်ရေးသည်လည်း တစ်ချက်အနေဖြင့်ပါဝင်ရာ မိမိတို့ အားလုံး ဝိုင်းဝန်းပံ့ပိုး ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယနေ့ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
နိုင်ငံ၏ ရေ၊ မြေ ရာသီဥတုနှင့် ကိုက်ညီပြီး ပြည်ပစျေးကွက်ကို ပိုမိုတင်ပို့နိုင်မည့် အလားအလာများရှိသည့် ပို့ကုန်များကို ပိုမိုတိုးချဲ့ထုတ်လုပ်တင်ပို့ နိုင်ရေးဆောင်ရွက်ရာတွင် ဆန်စပါးမျိုးစေ့ထုတ် လုပ်ငန်းများ၊ Export Zone များ ဖော်ဆောင်၍ ဆန်စပါးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေးအတွက် ကျင်းပခဲ့ပြီးဖြစ်သည့် အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲများတွင် ဖော်ထုတ်ချက် ၁၇ ချက် နှင့် ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်နိုင်မည့် ဧက၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် Export Zone ဆောင်ရွက်မည့် ကုမ္ပဏီ ၅၈ ခုက ဆန်စပါးမျိုး ဆောင်ရွက်မည့်ဒေသများ သတ်မှတ်နိုင်ခဲ့ပြီး ယခုဆွေးနွေးပွဲတွင် စိုက်ပျိုးဆောင်ရွက်မည့် ဆန်စပါးမျိုးများ အတည်ပြု သတ်မှတ်သွားရန်ဖြစ်ကြောင်း။
ထို့အတူ စပါးမျိုးစေ့ထုတ် လုပ်ငန်းများအတွက် တစ်ဧကလျှင် ၂ ဒသမ ၅ သိန်းနှုန်းဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ရှိ အရင်းမပျောက် မတည်ငွေမှ ချေးငွေပေးပြီး ထွက်ရှိလာသော မျိုးများ အား မျိုးစေ့ပေါက်ဈေးဖြင့် ညီမျှသော မျိုးစေ့ဝယ်ယူ ၍ ပုဂ္ဂလိကဆန်စက်များမှ ဝယ်ယူသိုလှောင်ရေး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့မှုအပေါ် အတည်ပြု ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ Export Zone များ ဆောင်ရွက်ရန် ရွေးချယ်သတ်မှတ်ထားသည့် နေရာများ၌ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ကြမည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းများကို ဂရုတစိုက် ကြပ်မတ်၍ စနစ်တကျ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ Export Zone များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးရာတွင် မိမိတို့ တာဝန်ထမ်းဆောင်နေကြရသည့် လုပ်ငန်းများပေါ် မူတည်၍ ကျွမ်းကျင်ရာ ရှုထောင့်အမျိုးမျိုးမှ ရှုမြင်ပြီး အဖြေရလဒ်ထွက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကနှင့် သက်ဆိုင်ရာအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များနှင့် မျိုးစေ့ထုတ် တောင်သူဦးကြီးများက ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေးအတွက် ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


