ဇန်နဝါရီ ၆

ဂမ်ဘီယာကမ်းလွန်တွင် နှစ်သစ်ကူးညက ဝန်ပိုတင်ဆောင်လာသော လှေတစ်စင်း နစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေ ၃၁ ဦးအထိ ရှိလာကြောင်း ဂမ်ဘီယာ လူဝင်မှုကြီးကြပ်ရေးဌာနက ယမန်နေ့က  ပြောကြားခဲ့သည်။

အဆိုပါလှေသည် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၂၀၀ ခန့် တင်ဆောင်လာကာ ဒီဇင်ဘာ ၃၁ ရက်နှောင်းပိုင်းတွင် ဂမ်ဘီယာ၏ မြောက်ဘက်ကမ်းဒေသမှ စပိန်နိုင်ငံမှ ကနေရီကျွန်းစုသို့ ခရီးတစ်ခု ထွက်ခွာရန် ကြိုးပမ်းခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုလှေထွက်ခွာပြီးမကြာမီ ရေအောက်သဲသောင်ပြင်နှင့် တိုက်မိပြီး နစ်မြုပ်သွားကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ဂမ်ဘီယာရေတပ်သည် အကူအညီတောင်းခံမှုများ ရရှိပြီးနောက် ဒေသခံငါးဖမ်းလှေများ၏အကူအညီဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုစတင်ခဲ့သည်ဟု ထပ်လောင်းဖော်ပြထားသည်။

 ဂမ်ဘီယာတွင် ဇန်နဝါရီ ၄ ရက်အထိ ရုပ်အလောင်း ၁၅ လောင်းနှင့် အိမ်နီးချင်း ဆီနီဂေါတွင် ၁၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး လူပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးနိုင်ခြေရှိကြောင်း ဌာနက ပြောကြားခဲ့ပြီး လက်ရှိတွင် ဆေးရုံတက်နေရသူ ၂၃ ဦး အပါအဝင် စုစုပေါင်း လူ ၁၀၂ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို