နေပြည်တော် ဇန်နဝါရီ ၆

 

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွား ရေးသင်တန်းအမှတ်စဉ်(၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ရခိုင်ပြည်နယ်ဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများသည် ဥပဒေအသိပညာရှိသင့်ကြောင်း၊ အနည်းဆုံး ဥပဒေဒီပလိုမာရသင့်ကြောင်း လမ်းညွှန်မှုပြုသဖြင့် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးသူများအား ဥပဒေရေးရာဝန်ကြီးဌာနတွင် မှတ်တမ်းထားသကဲ့သို့ ယခင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြခဲ့ပြီး ယခုအခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ တင်ပြဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့တွင် ပုဂ္ဂိုလ်ရေးကိစ္စများတွင်လည်းကောင်း၊ ရုံးလုပ်ငန်းများတွင် လည်းကောင်း လွန်စွာအသုံးကျသည်ဟု သင်တန်းတက်ရောက်ပြီးသူများ၏ အကဲဖြတ်မှတ်တမ်းများအရ သိရှိရကြောင်း။

 

ယခုသင်တန်းတွင် လက်တွေ့ ဘဝတွင်အသုံးချ၍ရပြီး ရုံးလုပ်ငန်းများနှင့်လည်း ဆက်စပ်သည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ စီးပွားရေး စာချုပ်စာတမ်းများ စစ်ဆေးခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်း၊ အထူးဥပဒေ၊ တရားမဥပဒေ စသည်တို့ကို ပို့ချပေးမည်ဖြစ်ကြောင်း၊ ဥပဒေအသိပညာ ဒီပလိုမာ တစ်နှစ်သင်တန်းကိုလည်း စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၅ မှ ၂၀၂၉ အထိ “ပြည်သူ့အတွက် တည်ဆောက်လျက်ဥပဒေယုံကြည်ချက် “Building Legal Trust For The People” ဟူသည့် မဟာဗျူဟာအရ ဥပဒေအသိပညာ ပြန့်ပွားရေးဆိုသည့် အချက်သည် အဓိကဆောင်ရွက်သည့် အချက်ဖြစ်ကြောင်း၊ လူတိုင်းဥပဒေအသိ ပညာပြန့်ပွားရမည်၊ အထူးသဖြင့် နိုင်ငံတော်၏ အဆင့်မြင့်တာဝန် ထမ်းဆောင်နေသည့် အရာရှိကြီးများသည် ဥပဒေအသိပညာရှိရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တရားဥပဒေစိုးမိုးရေးထဲမှ အဓိက ကျသည့် အညွှန်းကိန်း Index အနေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ Grade 11 / 12 ကျောင်းသား ကျောင်းသူများ ကအစ ဥပဒေအသိပညာရှိစေရေးအတွက် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရေးဆွဲပြီး ဆရာ ဆရာမ များအား Training of Trainner သင်တန်းများ ပို့ချဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းမှရရှိသည့် ဥပဒေအသိပညာများကို မိမိအတွက်၊ မိမိဌာနအဖွဲ့အစည်းအတွက်၊ နိုင်ငံတော်အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၆)သို့ သင်တန်းသား သင်တန်းသူ ၂၇ ဦး တက်ရောက်ပြီး သင်တန်းကာလ မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ မတ် ၂၆ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်