ပူတာအို ၁၉ မတ်

ကလေးစာပေပွဲတော်(ပူတာအို) ဒုတိယကို ယနေ့နံနက်ပိုင်းမှစ၍ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမနှင့် အ.ထ.က(ပူတာအို)တို့၌ စာပေဟောပြောပွဲနှင့် ကလေးစာပေ အလုပ်ရုံဆွေးနွေးပွဲများ၊ Team building Game ကစားပွဲများ၊ အရုပ်ဆက်နှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

 

1


 
ပြပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ အခြေခံကျောင်းများမှ လာရောက်ဖျော်ဖြေသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ ဖူဆယ်ဘောလုံးကစားခြင်း၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲများတွင် ပွဲတော်လာရောက် ဆင်နွှဲကြသူများ တခဲနက်အားပေးကြသည်။

 

2

 

ထို့ပြင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စကားလုံးဆက်ပြိုင်ပွဲ၊၊ အရုပ်ဆက်ပြိုင်ပွဲနှင့် အခြားပျော်ရွှင်ဖွယ်ရာ ကစားနည်းများတွင် ကျောင်းသား၊ ကျောင်းသူများ တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။ 

 

3

 

အလားတူ ရဝမ်၊ လီဆူ၊ ဂျိမ်းဖောနှင့် တိုင်းခမ်းတီ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ပြခန်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်၊ လူကုန်ကူး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်း၊ ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့မှ ပြခန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ စားသုံးသူရေးရာ ဦးစီးဌာနပြခန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးပေးခန်းများတွင်လည်း ကျောင်းသား ကျောင်းသူများနှင့် ကလေးငယ်များ၊ ဆရာ ဆရာမများ၊ ပြည်သူများ စိတ်ဝင်တစား ဝင်ရောက်လေ့လာကြပြီး ခင်းကျင်းရောင်းချလျက်ရှိသည့် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

 

4

 

ပွဲတော်သို့ လာရောက်ဆင်နွှဲသူများကို အလှူရှင်များက နေ့လယ်စာအဖြစ် ကချင်ရိုးရာထမင်းထုပ်၊ အချိုရည်နှင့် မုန့်များ အာဟာရဒါနအဖြစ် ဝေငှခဲ့ကြသည်။

ပြိုင်ပွဲများနှင့် အားကစားပွဲများတွင် ဆုရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲတွင် စောနဒီမြစ်ကြီးနားက “ဘဝအလှ စာရသ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြီးကိုကို(ကသာ)က “အနာဂါတ်ရဲ့ ကြယ်စင်အလင်းတန်း၊ စာပေအလင်းစကား နိုင်ငံ့အား” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။

ထို့ပြင် စာပေဆွေးနွေးပွဲကို “စာကြည့်တိုက်များနှင့် စာဖတ်ခြင်းအကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ပြုလုပ်ရာ ဆရာသန်းဦး၊ ဆရာမ ဒေါ်နောသောသီထူး (ဝေါလ်ကွန်ဆန်း)၊ ဆရာသိန်းနိဗ္ဗာန် (လန်းတောင်)နှင့် ဆရာ ဆန်ဒေါင်းဖေရမ်တို့က ဆွေးနွေးကြပြီး တက်ရောက်နားထောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

လင်းဟန်ဇေ