မင်းဘူး ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ပွဲတော်ကာလ ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

“အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်ရင်း ညအိပ် တည်းခိုနားနေနိုင်စေဖို့ တည်းခိုဆောင် အခန်းပေါင်း ၅၁၉ ခန်းနဲ့ ဈေးဆိုင်ခန်းပေါင်း ၇၇၉ ခန်းကို ဆောက်လုပ်နေပါတယ်။ ယခုလက်ရှိ ဘုရားပရိဝုဏ်အတွင်း တည်ဆောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအားလုံးကို မကြာမီရက်ပိုင်းအတွင်း အပြီးဆောင်ရွက်သွားမှာပါ။ တည်းခိုဆောင် ငှားရမ်းခနှုန်းထားတွေကတော့ တစ်ရက်ကို အထူးခန်း (VIP) တည်းခိုဆောင် (ရေချိုးခန်းနှင့် သန့်စင်ခန်း အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေ ကျပ် ၁၁၀၀၀၀ နှုန်း၊ ရိုးရိုး တည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းကို ငွေကျပ် ၈၀၀၀၀၊ ၆၀၀၀၀ နှုန်းနဲ့ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေကျပ် ၆၀၀၀၀၊ ကုန်းပေါ်တစ်ခန်းကို ငွေကျပ် ၄၀၀၀၀ နှုန်းဆိုပြီး ညှိနှိုင်း သတ်မှတ်ပေးထားပါတယ်။ ဘုရားဖူး ပြည်သူတွေ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်စေဖို့အတွက် တည်းခိုဆောင် ငှားရမ်းခတွေကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်သလို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောသည်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက် တော်ဘုရားပွဲတော်ကြီးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ)ရက်ပေါင်း ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ဘုရားဖူးများ သွားလာရေး အဆင်ပြေစေရန်အတွက် သောင်ပြင်အတွင်း၌ ယာယီဘေလီ သံပေါင်တံတား (အထူးတံတား) တစ်စင်းကို တပ်ဆင်ဆောက်လုပ်ပေးထားကာ မင်ဘူး-ရွှေစက်တော်၊ ရွှေစက်တော် အခြေပြု တောင်ပေါ်-တောင်အောက်နှင့် ရွှေစက်တော်-ဆင်စခန်း မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုထံမှ သိရသည်။

မောင်မောင်(မင်းဘူး)