နေပြည်တော် ဇန်နဝါရီ ၇
မြေချဉ်ငန်ကိန်း လက်တွေ့တိုင်းတာခြင်းနှင့် ဓာတ်ခွဲနမူနာ၊ မြေသားနမူနာရယူဆောင်ရွက်ခြင်းများ စိုက်ပျိုးရေးတောင်သူများအား လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဆီလွှာစစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေ၏ချဉ်ငန်ကိန်း၊ မြေတွင်းအာဟာရဆက်စပ်ပုံ၊ မျိုးကောင်း မျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အာဟာရဓာတ်များ၏ အရေးပါမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများကို မြေချဉ်ငန်ကိန်းတိုင်းတာခြင်းစက်ဖြင့် မြေဆီလွှာ လက်တွေ့စမ်းသပ်သရုပ်ပြ တိုင်းတာခြင်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဥတ္တရသီရိမြို့နယ်သို့ သွားရောက်ပြီး ဇလောင်းကျေးရွာ၌ မြေချဉ်ငန်ကိန်း လက်တွေ့ တိုင်းတာခြင်းနှင့် ဓာတ်ခွဲနမူနာ၊ မြေသားနမူနာ ရယူဆောင်ရွက်ခြင်းများကို စိုက်ပျိုးရေး တောင်သူများအား လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးမည့်မြေများကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ မြေဆီလွှာ အမျိုးအစားများကို စမ်းသပ်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


