မကွေး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်က အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များ လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချထားပေးနိုင်ရေးအတွက် လျှောက်ထားလာမှု အခြေအနေအား Power point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းမှတ်ပုံတင် စိစစ်ဆုံးဖြတ် ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အစည်းအဝေးတွင် တင်ပြလျှောက်ထားလာသော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင် ၇၂ ဦး၏ အချက်အလက်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အထောက်အထားအချက်အလက် ပြည့်စုံမှန်ကန်မှုရှိ/မရှိ စိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုချထားပေးနိုင်ရေး အတည်ပြုဆုံးဖြတ် ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


