ဆစ်ဒနီ  ဇန်နဝါရီ   ၇

ဩစတြေးလျနိုင်ငံသား ခုနစ်သန်းနီးပါးမှာ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်သည့် တောမီးအန္တရာယ်အလွန်မြင့်မားသော အဓိကမြို့ကြီးများ၏ ဆင်ခြေဖုံးဒေသများတွင် နေထိုင်ကြသည်ဟု  အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ရာသီဥတုဆိုင်ရာ ကောင်စီကဲ့သို့သော   အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ဇန်နဝါရီ ၆ ရက်က  ဖော်ပြခဲ့သော အစီရင်ခံစာတွင် ဩစတြေးလျနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက  အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင်ဖြစ်ပွားခဲ့သည့်  အလွန်ပြင်းထန်သော တောမီးအန္တရာယ်နှင့် ဆင်တူသည့် မြို့ပြမီးလောင်မှုမျိုးအန္တရာယ် ပိုမိုမြင့်မားလာကြောင်း သတိပေးထားသည်။

ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ပတ်သ်၊ အက်ဒီလိတ်၊ဟိုးဘတ်နှင့် ကင်ဘာရာ  စသည့်မြို့ကြီးများ၏ ဆင်ခြေဖုံးဒေသများမှာ   အလွန်ပျက်စီးဆုံးရှုံးမှုများသည့်  လော့စ်အိန်ဂျလိစ်တောမီးဝိသေသများနှင့် တူညီနေကြောင်း တွေ့ရှိသည်ဟု ဆိုသည်။ 

နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ ဩစတြေးလျနိုင်ငံ တောင်ပိုင်းကို အပူလှိုင်းဖြတ်သန်းခဲ့ပြီး   နေရာအများအပြားမှာ  အပူချိန် ၄၀  ဒီဂရီဆဲလ်စီးယပ်စ်အထက်  မြင့်တက်ခဲ့ကြောင်း  သိရသည်။

မဲလ်ဘုန်းမြို့လယ်ကောင်တွင်  ဇန်နဝါရီ  ၇  ရက်  မွန်းလွဲပိုင်းက အပူချိန်  ၄၂   ဒီဂရီဆဲလ်စီးယပ်စ် အထိရှိခဲ့ပြီး ယင်းမှာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အပူပြင်းဆုံးနေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆင်ဟွာ