ရေး ဇန်နဝါရီ ၇
မွန်ပြည်နယ် ရေးမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုများထားရှိရန် အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၁ ရက်မှစ၍ ညစဉ် ၇ နာရီမှ ၁၀ နာရီအထိ တာဝန်ရှိသူများက ရပ်ကွက်အလိုက် အသံချဲ့စက်ဖြင့် လှည့်လည် ဆောင်ရွက်ပေးသည်။
ထိုသို့ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရေးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိစေရေးအတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲရုံသို့သွားရောက် မဲမပေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ အနာကြီးရောဂါ စွဲကပ်နေသူများ၊ သားဖွားနေသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး ပုံစံ(၁၃)ဖြင့် လျှောက်ထားနိုင်ပြီး ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် နိုင်ငံသားတစ်ဦး၏ တာဝန် ကျေပွန်စေရေးအတွက် မပျက်မကွက် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေး ကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
မင်းမင်း


