လော့စ်အိန်ဂျလိစ်  ဇန်နဝါရီ  ၉

နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူး လေးဦးပါဝင်သည့် အဖွဲ့သည် ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် ကမ္ဘာမြေပေါ်သို့ စောစီးစွာပြန်လာမည်ဟု အမေရိကန် အာကာသအေဂျင်စီ နာဆာက ပြောသည်။

အဖွဲ့ဝင်တစ်ဦးမှာ ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခုနှင့် ကြုံတွေ့ရပြီး ရောဂါရှာဖွေရန်နှင့် ကုသမှုခံယူရန် ကမ္ဘာမြေပေါ်သို့ ပြန်လာမည်ဖြစ်ကြောင်း ဇန်နဝါရီ  ၈  ရက်တွင်  နာဆာမှ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဆေးကုသမှုခံယူရမည့်   အဖွဲ့ဝင်၏ အသေးစိတ်အချက် အလက်များနှင့် ဆေးဘက်ဆိုင်ရာအခြေအနေများကို အာကာသအေဂျင်စီက ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိချေ။

အဆိုပါအဖွဲ့ဝင်မှာ ဆွဲအားအလွန်နည်းပါးသည့် ပတ်ဝန်းကျင်အခြေအနေကြောင့် ကျန်းမာရေးဆိုးရွားသည့်အခြေအနေနှင့် ယာယီကြုံတွေ့နေရပြီး    ယခုအခါ အခြေအနေပြန်လည်တည်ငြိမ်နေပြီဟု အရာရှိများကပြောသည်။ လာမည့်ရက်များအတွင်း အာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့   ပြန်လာမည့်ရက်စွဲကို   ဆုံးဖြတ်သွားမည်ဟု  နာဆာက ပြောသည်။

လွန်ခဲ့သည့်နှစ်  ဩဂုတ်လအတွင်းမှစတင်ကာ နိုင်ငံတကာအာကာသစခန်း၌   တာဝန်ကျခဲ့ခြင်းဖြစ်ပြီး  ဖေဖော်ဝါရီနှောင်းပိုင်း သို့မဟုတ် ယင်းထက်နောက်ကျသည့်ကာလတွင် ကမ္ဘာမြေပေါ်သို့ ပြန်လာမည်ဟု စီစဉ်ထားသည်။

လုပ်ငန်းတာဝန်များကို  ဆက်လက်ဆောင်ရွက်ရန်  အမေရိကန်အာကာသယာဉ်မှူးတစ်ဦးနှင့် ရုရှား အာကာသယာဉ်မှူးနှစ်ဦးတို့သည် နိုင်ငံတကာအာကာသစခန်းတွင် ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ဆေးဘက်ဆိုင်ရာအခြေအနေကြောင့်  ကမ္ဘာပေါ်သို့ စောစီးစွာပြန်လာရသည့် ဖြစ်စဉ်မှာ ၂၅ နှစ်အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု  အရာရှိများက ပြောသည်။                                         

အင်န်အိတ်ချ်ကေ