သက်ထက်ကို

ဒလ မြို့စတည်ကတည်းက မြို့သူမြို့သားတို့သည် မြေသားကန်ရေများကိုသာလျှင် အဓိကအားထား သုံးစွဲခဲ့ကြရသူများဖြစ်သည်။ အချို့သော သူများ၏ ပြောစကားများသည် ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလို အတည်မှတ်ယူနိုင်၍ မဖြစ်ပေ။ “ကျိန်စာသင့် ခြင်းခံရခြင်း” ဟု ဆိုကြသကဲ့သို့ အချို့ကလည်း “ရေမြေတောတောင် သဘာဝကြောင့်” ဟု နှိုင်းနှိုင်းချိန်ချိန် တွေးတွေးဆဆ ပြောဆိုကြသည်ကို ကြားဖူးခဲ့ရသည်။

ဒလမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါဝင်ပြီး ရန်ကုန်မြစ်တစ်ဖက်ခြမ်း မြို့နယ် တစ်ခုဖြစ်သည်။ ၂၀၁၉ ခုနှစ် နှစ်ဦးအစ စာရင်းအရ ဆိုသော် အိမ်ခြေပေါင်း ၃၇၂၂၅ အိမ်၊ အိမ်ထောင်စု ပေါင်း ၃၉၃၆၀၊ လူဦးရေပေါင်း ၁၆၂၈၉၃ ဦးရှိသည် ဟု မှတ်တမ်းများအရ သိရသည်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့ကြီးများသို့ သွားလာရာ ပေါင်းကူးဆက်စပ်နယ်မြေ တစ်ခုဖြစ်သည်။

ချယ်ရီသင်္ဘောများက ပို့ဆောင်

မြစ်ခြားသော်လည်း သွားလာရေးလွယ်ကူသော မြို့နယ်တစ်ခုဖြစ်သည်။ နေ့စဉ်နှင့်အမျှ ဂျပန် နိုင်ငံမှ လက်ဆောင်ဖြစ်သည့် ချယ်ရီကူးတို့သင်္ဘောများက မိုးလင်းမှ မိုးချုပ်သည့်တိုင် အစုန်အဆန် သယ်ယူပို့ဆောင်ပေးနေခြင်းကြောင့် ဆက်သွယ်သွားလာမှု အခက်အခဲ လုံးဝမရှိခဲ့ပေ။

ထို့အပြင် မြို့နယ်တစ်ခု၏ အင်္ဂါရပ်များနှင့်လည်း ပြည့်ပြည့်စုံစုံရှိသည်ဟု ဆိုရမည်ဖြစ်သည်။ မြို့နယ်အုပ်ချုပ်ရေးဌာနမှသည် ဆေးရုံ၊ ဆေးခန်း၊ လမ်းပန်း၊ ရဲစခန်း၊ ဈေး၊ စည်ပင်စသော ဌာနများ၏ ဝန်ဆောင်မှုကောင်းများ ရှိနေသောဒေသတစ်ခု လည်း ဖြစ်ပေသည်။

သို့အတွက် ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ တစ်နှစ်ထက်တစ်နှစ် လူဦးရေ တိုးပွားလာခြင်း၊ အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့နေထိုင်လာမှုတို့ကြောင့် မြို့မှာ ပိုမိုစည်ကားလာသည်ဟု ဆိုကြသည်။

နွေရာသီ ရေရှားပါး

ထိုဖွံ့ ဖြိုးမှုများနှင့်အတူ လိုက်ပါလာနိုင်ခြင်း မရှိသည်မှာ “ရေ” ပင်ဖြစ်သည်။ သို့အတွက် နှစ်စဉ် နွေရာသီသို့ရောက်တိုင်း သောက်သုံးရေ ရှားပါးမှုနှင့် ကြုံကြိုက်မှုတွေ့ခဲ့ရသည်။ မိုးရေ သိုလှောင်ကန်၊ ရေစုကန် နည်းပါးခြင်းမှာလည်း ရေရှားပါးခြင်း ကိစ္စတစ်ရပ်ဖြစ်သည်။

မြို့နယ်အတွင်း မြေသားရေကန်များအနေဖြင့် မြို့ပေါ် ၂၄ ရပ်ကွက်တွင် မြေသားရေကန် ၁၂၄ ကန်၊ ကျေးလက်များ၌ မြေသားရေကန် ၂၀၅ ကန် စုစုပေါင်းအားဖြင့် မြေသားရေကန် ၃၂၉ ကန်ရှိကြောင်း သိရသည်။ မြို့နယ်သူ မြို့နယ်သားများ အနေဖြင့် အစဦးကဆိုသကဲ့သို့ ထိုမြေသား ရေကန်များမှ ရေကိုသာလျှင် အဓိက တန်ဖိုးထား သောက်သုံးနေကြရသည်။

ဒလမြို့သား ကိုယဉ်ဦးက “နွေရာသီ တပေါင်း တန်ခူးလတွေ ရောက်တိုင်း မြို့နယ်အတွင်းက ရေကန်တွေက ရေနည်းလာတတ်ကြပါတယ်။ အဲဒီအခါ အချိန်အကန့်အသတ်နဲ့ ရေခပ်ခွင့်ပြုရပါတယ်” ဟု ဆိုသည်။

မိုးတွင်းကာလ၌ ကန်များတွင် ရေကို သိုလှောင်နိုင်သော်လည်း ဆောင်းအကုန်နွေဦးအစတွင် ကန်ရေများ လျော့နည်းလာမှုမှာ နှစ်စဉ်ပင် ဟုဆိုကြသည်။

သောက်သုံးရေလိုအပ်မှုပိုလာ

နွေရာသီသို့ ရောက်တိုင်း သောက်သုံးရေ ရှားပါးလာမှုကို ၂၀၁၀ ပြည့်နှစ်ကတည်းက စတင် သိသိသာသာ ကြုံတွေ့လာရပြီး သောက်သုံးရေ လိုအပ်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုလာသည်ဟု သိရသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာနမှလည်း တတ်စွမ်းသမျှ ရေရရှိနိုင်ရေးကို ကြိုးပမ်းခဲ့သည်။

တွံတေးမြို့နယ် (ရန်ကုန်ပေါက်) ရေပေးဝေ ရေးစခန်းမှ ရေကိုရယူ၍ တစ်ရက်လျှင် ရေဂါလန် ၁ ဒသမ ၂ သန်းကို မြို့ပေါ်ရပ်ကွက်များသို့ ၁၈ နာရီ အချိန်ပေး ဖြန့်ဝေပေးလျက်ရှိသည်။

ထို့အပြင် ရပ်ကွက်ပြည်သူများ လွယ်ကူစွာ ရေရယူနိုင်ရေးအတွက် အဝီစိတွင်း ၁၃ တွင်း၊ ၁၀ လက်မရှိ ရေချိုစုတွင်း ငါးတွင်း၊ ရေဂါလန် ၁၂၀ဝ ဆံ့ အုတ်ရေကန် ၂၇ ကန်နှင့် ဂါလန် ၁၀ဝ၀ ဆံ့ ကွန်ကရစ်ကျောက်ခွေ ၂၀ တို့ကို ရပ်ကွက်များတွင် ပြုလုပ်ပေးထားသည်ဟု မြို့နယ်စည်ပင် (ရေသန့်) ဌာနမှ သိရသည်။

ရေသန့်ဖြန့်ဝေပေး

ထို့အပြင် မြို့နယ်သူ မြို့နယ်သားများ ကျန်းမာရေးအထောက်အကူပြု သောက်ရေသန့်စက်ကို ဗညားဒလရပ်ကွက် ရေပေးဝေရေးစခန်းတွင် ၂၀၁၇ ခုနှစ်က စတင်တပ်ဆင်ခဲ့ပြီး ပြည်သူများအား စမ်းသပ်ကာလအဖြစ် သောက်ရေအတွက် ရေသန့်များကို ဖြန့်ဝေပေးခဲ့သည်။

၂၀၁၈ ခုနှစ်တွင် တစ်နေ့လျှင် သောက်ရေသန့်ဂါလန် ၅၀ဝ၀ ခန့် ထုတ်လုပ်လာနိုင်ပြီဖြစ်၍ အခမဲ့ပေးဝေလျက်ရှိရာ နေ့စဉ်သောက်ရေသန့် ဂါလန် ၁၆၀ဝ ခန့်အထိ လာရောက်ခပ်ယူသူများ ရှိနေသည်ဟု တာဝန်ခံ အင်ဂျင်နီယာ ဦးတိုးတိုးအောင်က ရှင်းပြထားသည်။

သန့်ရှင်းသော သောက်ရေ လာရောက်ခပ်ယူမှု မှာ တည်ရှိရာနေရာနှင့် ခရီးအနီးအဝေး အတိုင်းအတာ အတိုအရှည်ကို မခန့်မှန်းနိုင်သော်လည်း နေ့စဉ်လာရောက်ခပ်ယူနေသည့် ရေပမာဏထက်ပင် များစွာ ပိုမိုထုတ်လုပ်လာနိုင်သည်ကို လေ့လာမိခဲ့သည်။

သို့ဆိုခြင်းကြောင့် ရေသန့်စက်အဆောက်အအုံတွင် ချိတ်ဆွဲထားသော ဗီနိုင်းပေါ်မှ “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒလမြို့နယ် ရေပေးဝေရေးစခန်းရှိ သောက်ရေသန့်စက်မှ သောက်ရေများအား ‘အခမဲ့’ လာရောက် ယူဆောင်နိုင်ပါသည်” ဆိုသည့် ကြော်ငြာစာသားများကို နှုတ်ကအသံ ထွက်ဖတ်လျက် မကြာမီသော အတိုင်းအတာ ကာလတစ်ခု၌ ဒလမြို့နယ်တစ်ခုလုံးအတွက် သန့်ရှင်းသော၊ ကြည်လင်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော “သောက်ရေ” မှာ မရှားနိုင်တော့ပြီကို မှန်းဆမုဒိတာပွားမိပါတော့သည်။

မြန်မာ့အလင်း

mdn