နေပြည်တော် ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်ပါဝင်သည့် ဘိန်းခင်းများဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်သည့် နေရာများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ ကျောင်းသား လူငယ်အရွယ်များမှစတင်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဒေသခံပြည်သူလူထုနှင့်လက်တွဲ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါဒုစရိုက်မှုနှိမ်နင်းရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိမှုသတင်းအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိမှုသတင်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်၌ လည်း ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီး အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိမှုသတင်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေပြုလုပ်ကိုင်ခြင်း မရှိစေရေးအတွက် မြေပြင်သတင်းဖော်ထုတ်ပြီး ဒေသခံပြည်သူများ၏ သတင်းပေးပို့၍ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ကြောင်းများခွဲ၍ ဆက်လက်ဖော်ထုတ်ရှင်းလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်ဒေသအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းသည် ဇန်နဝါရီ ၈ ရက် ညပိုင်းတွင် နားလင်း၏ အနောက်မြောက်ဘက်မီတာ ၁၀၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ကာကင်းအဖြစ်နေရာယူထားသည့် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ အဆိုပါနေရာ၌ ယာယီမိုးကာတဲ ငါးလုံး၊ ပစ်ကျင်းများ၊ ရှေ့ထွက်မိုင်း နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ မောင်းတံပါ ဂိတ်ကင်းတစ်ခုတို့ကို တွေ့ရှိသိမ်းပိုက်ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား ထက်ကြပ်လိုက်လံရှင်းလင်းခဲ့ရာ ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် သီပေါမြို့နယ် နားလင်းကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၉၀၀၀ ခန့်အကွာနေရာသို့ အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အလျား ပေ ၄၀၊ အနံ ပေ ၃၀ ရှိ သွပ်မိုးသွပ်ကာ လူနေအဆောက်အအုံ နှစ်လုံးအတွင်းမှ ကွန်ပျူတာ (Laptop) ၁၈ လုံး၊ ကွန်ပျူတာ (Desktop) ၃၅ လုံး၊ ဖုန်းမျိုးစုံ ၁၁ လုံး၊ Star Link ငါးလုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့နောက်ပူးပေါင်းအဖွဲ့များပါဝင်သည့်စစ်ကြောင်းသည် နယ်မြေရှင်းလင်းခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အဆိုပါနေရာ၏ အရှေ့ဘက် မီတာ ၈၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာတစ်ခုကို တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းစစ်ဆေးရာ ကွန်ပျူတာ (Laptop) ၁၁ လုံးနှင့် ကွန်ပျူတာ (Desktop) ခြောက်လုံး၊ Star Link သုံးလုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆေးပြားရိုက်စက် နှစ်လုံး၊ ဆေးမွှေစက် တစ်လုံး၊ ဆေးပြားရေတွက်စက်တစ်လုံး၊ အိုက်စ် နှစ်ကီလိုဂရမ်၊ ဆေးပြားရိုက်ရန် ရောစပ်ထားသည့်အနှစ် ၁၀ ကီလိုဂရမ်ပါ ပုံး တစ်ပုံး၊ ဖန်ပြွန်အရိုး တစ်ခု၊ မူးယစ်ဆေးဝါးချက်လုပ်ရန် ရောစပ်ထားသည့် အရှည် ၁၀ လီတာ ပုံး တစ်ပုံး၊ Caustic Soda ၂၅ ကီလိုဂရမ်၊ Sodium Powder ၂၅ ကီလို ဂရမ်ပါ အလုံး ၃၀၊ မော်တော်ယာဉ်တစ်စီး၊ မီးစက်နှစ်လုံး၊ ဘက်ဟိုး တစ်စီး၊ SSA တံဆိပ်ပါ အစိမ်းရောင် ယူနီဖောင်းတစ်စုံ၊ အပွင့်နှစ်ပွင့်ပါ ပခုံးတံဆိပ်တစ်စုံ၊ SSA တံဆိပ်ပါ အစိမ်းရောင် ဦးထုပ်တစ်လုံး၊ အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်များအရ လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်း ဖော်ထုတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး မိုင်းရယ်မြို့နယ်အတွင်း မသင်္ကာဖွယ် နေရာသုံးခုအား ဖော်ထုတ်တွေ့ရှိခဲ့ရသဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ဝင်များ ပါဝင်သော စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၂၆၀၀၀ မီတာခန့်အကွာ၊ မန်ဖြတ်ကျေးရွာ အနီး ပထမနေရာတွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် ယာယီတဲ ၁၄ လုံး၊ အလျား ပေ ၁၀၀၊ အနံ ၂၅ ပေရှိ အဆောက်အအုံ ခြောက်လုံး၊ ပလတ်စတစ်ပီပါခွံ ၁၂၀၊ ဓာတုဆေးရည်များထည့်ထားသည့် သံပီပါ ၂၀၊ သံပီပါခွံ ၃၀၊ ဂက်စ်အိုး ၆၀၊ စတီးပေါင်းအိုးကြီး လေးလုံး၊ အင်ဂျင်ကြီးနှစ်လုံး၊ အက်ဆစ်ပါ ပလတ်စတစ်ပီပါ ၆၇ လုံးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၇ နာရီခွဲတွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၀၀၀၀ ခန့်အကွာရှိ ဒုတိယနေရာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် အလျား ၁၅ ပေ၊ အနံ ပေ ၂၀ ရှိ ပလတ်စတစ်ကာ အဆောက်အအုံ ၅၀၊ ဖျက်ဆီးထားသည့် အဆောက်အအုံ ၁၅ လုံး၊ ဂက်စ်အိုး ၆၀၀၊ ရေခဲသေတ္တာ ၁၀ လုံး၊ မီးစက်သုံးလုံး၊ ပေါင်းအိုးအကြီးသုံးလုံး၊ ဆေးပြားရိုက်စက်သုံးလုံး၊ ဓာတုဆေးရည်ထည့်ထားသည့် ပီပါ ၅၀၀၊ မူးယစ်ဆေးမှုန့်များဟုယူဆရသည့် အဖြူမှုန့်များထည့်ထားသည့် ဆာလာအိတ် ၃၀၀၊ ပလတ်စတစ် အိတ်အကြည် အိတ် ၃၀၀၊ ငါးဂါလန်ဆံ့ အက်ဆစ်ပုံး ၃၀၀၊ စတီးဗန်းကြီး ခြောက်ချပ်၊ အမျိုးအစား (စိစစ်ဆဲ) အဖြူရောင်အမှုန့်များပါဝင်သည့် စက္ကူဖာ ပုံး ၃၀၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့် (စိစစ်ဆဲ) အဖြူရောင် အမှုန့်ထုပ် ၃၀၀၊ ဆိုင်ကယ်ငါးစီး၊ အဆိုပါ မူးယစ်ဆေးဝါးလုပ်ငန်းများတွင် SSA အဖွဲ့မှ ပါဝင်ပတ်သက်နေသူများအပါအဝင် တရားခံခြောက်ဦး တို့အား SSA တံဆိပ်ပါယူနီဖောင်းနှင့် တံဆိပ်များအပါအဝင် အခြားဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် အဆိုပါနေရာ၏ အနောက်တောင်ဘက် မီတာ ၁၉၀၀၀ ခန့်အကွာတွင် မူးယစ်ဆေးဝါး အဓိကချက်လုပ်သည့်နေရာဟု ယူဆရသော ခုနစ်နေရာပတ်ဝန်းကျင်သို့ ရောက်ရှိရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်သည့်တဲနှင့် ဆက်စပ်ပစ္စည်းထားသည့် ဂိုဒေါင် ၃၃ လုံးအားတွေ့ရှိရပြီး လတ်တလောစိစစ်ပြီးအချိန်အထိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂက်စ်အိုးမျိုးစုံ ၄၄၃ လုံး၊ ဖိုက်ဘာပီပါ ၁၃၁၂ လုံး၊ သံပီပါ ၃၃၆ လုံး၊ သုံးဘီးဆိုင်ကယ် နှစ်စီး၊ Caustic Soda ၈၅ အိတ်၊ Sodium Acetate Trihydrate 20 kg ပါ အိတ်လေးအိတ်စီပါရှိသည့် ပီပါလေးလုံး၊ Sulphonic Acid Liquid ပီပါ ၂၁ လုံး၊ တင်ဒါပီပါ ရှစ်လုံး၊ အမျိုးအမည် (စိစစ်ဆဲ) အညိုရောင်ပီပါငါးလုံး၊ ဖန်အိုး (အသေး) ၅၂၅ လုံး၊ ဖန်ပေါင်းအိုးကြီး ၁၀ လုံး၊ Ethnol ပီပါ အလုံး ၄၀၊ အဖြူရောင် အနှစ်များထည့်သွင်းထားသည့် စတီးဇလုံ အလုံး ၁၅၀၊ အခြောက်ခံဗန်း များနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိသည့်ပစ္စည်းများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လိုအပ်သည့် ပဏာမစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘိန်းဖြူနှင့် မက်သ်အဖက် တမင်းများ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ကနဦးဖော်ထုတ်တွေ့ရှိရပြီး အသေးစိတ်ဆက်လက်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင် ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများကို စနစ်တကျစိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ နှင့် တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတစ်ဝန်း မူးယစ်းဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများချက်လုပ်ရာတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် အဖွဲ့အစည်းများကိုလည်း ထိရောက်ပြင်းထန်စွာ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


