တောင်ကြီး ဇန်နဝါရီ ၁၃

 

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များအား တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။

 

ကြည့်ရှုစစ်ဆေး

ထို့နောက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်သမဝါယမအသင်းစုပိုင် ငါးကန်လေးကန်တွင် ငါးများမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဘတ်ဂျက်နှင့် ပြည်နယ်အစိုးရဘဏ္ဍာရန်ပုံငွေမှ ၅၀ ရာခိုင်နှုန်း ထောက်ပံ့ငွေဖြင့် Daedong ထွန်စက်နှစ်စီး ဝယ်ယူထားရှိသည့် ဟိုခိုလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝိုးတောင်း