မြိတ်  ၂၀  မတ်  
    

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အဝေးပြေးကားဝင်းတွင် ခရီးသည်နားနေဆောင်တွင် မတ်လ(၁၉) ရက် နေ့လယ်(၂)နာရီက မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်နေပြည်သူများနှင့် ကားဝင်းအတွင်းရှိ ပြည်သူများအား မှုခင်းများ ကျဆင်းရေး ပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
    

မှုခင်းများ ကျဆင်းရေး ပညာပေး ဟောပြောဆွေးနွေးရာတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် မူးယစ် ဆေး၏ ပြစ်မှုပြစ်ဒဏ်များကို ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သံမရောင်းကလည်းကောင်း၊ မှုခင်းများကျဆင်း ရေးနှင့်ပတ်သက်ပြီး မှုခင်းဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် မှုခင်းဖြစ်ပွားမှု အခြေအနေများကို စခန်းမှူး ဒုရဲမှူး ချိုလွင်ကလည်းကောင်း ဟောပြောဆွေးနွေးသည်။
    

ထိုနောက် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်း ပညာပေးဟောပြောပြီး ယာဉ်မတော်တဆမှုမဖြစ်စေရေး ဆောင်ရန်ရှောင်ရန် ပညာပေးလက်ကမ်း စာစောင်များ ဝေငှပေးသည်။ ထိုနောက် မြိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလွင် က ရပ်ကွက်/ကျေးရွာ အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပူးပေါင်းဆောင် ရွက်နေမှုများ ကို ရှင်းလင်းပြောကြားသည်။
    

ဆက်လက်၍ အဝေးပြေးကားဝင်းအတွင်းရှိ မော်တော်ယာဉ်လိုင်းများ၏ ယာဉ်မောင်းများနှင့်ယာဉ် နောက်လိုက်များအား မိမိတို့ကားပေါ် တရားဥပဒေနှင့်မလွတ်ကင်းသော မည်သည့်ပစ္စည်းကိုမဆို တင်ဆောင် ခွင့်မပြုကြောင်းနှင့် ယာဉ်ဝင်ထွက်များအား စစ်ဆေးလျက်ရှိကြောင်း မြို့နယ်မော်တော်ယာဉ်ကြီးကြပ်ထိန်း သိမ်းရေးကော်မတီဥက္ကဌ ဦးအောင်သိန်းမောင် က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


 ခိုင်ထူး ( မြိတ် ပြန်/ဆက် )