မြိတ် ၂၀ မတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ လူငယ်လူရွယ်ဘဝမှစပြီး လုပ်ငန်းစွမ်းရည်များ ပြည့်ဝစွာဖြင့် လူမှုဂရုဏာလုပ်ငန်းများကို ပြည်သူလူထုအတွင်း ပြည်သူ့အကျိူး သယ်ပိုးဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်များလျှော့ပါးရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှေးဦးပြုစုခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်တတ်လာစေရန် ရည်ရွယ်ချက်များဖြင့် (၅၂)ကြိမ်မြောက် နွေရာသီကြက်ခြေနီ လူငယ်လေ့ကျင့်ရေးစခန်း သွင်းသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဌာနနှင့် မြိတ်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ရှေးဦးပြုစုခြင်း အခြေခံအဆင့်၊ သာမာန်အဆင့် ရှေးဦးပြုစုခြင်း သဘောတရားနှင့် အတွေးအခေါ်များ၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကို ထိန်းချုပ်ခြင်း၊ ခန္ဒာကိုယ်တည်ဆောက် ပုံနှင့်လုပ်ငန်း များ၊ လူနာဆန်းစစ်ခြင်း၊ ဆေးထည့်ခြင်းနှင့်ပတ္တီးစည်းခြင်းများ၊ အခြေခံအသက်အထောက်အကူပြုခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် စိတ်ချရသောဘေးစောင့်အနေအထား၊ ဦးခေါင်းဒဏ်ရာနှင့်ကျောရိုးတန်းမဒဏ်ရာ၊ လူငယ်နှင့်ရည်မှန်းချက်၊ ရာသီဥတုပြောင်းလဲဖြစ်စဉ်များ၊ ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ စသော ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
သင်တန်းကို မြိတ်ခရိုင်အတွင်းရှိ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းများမှ ကျောင်း သား/သူ(၂၄၆)ဦး တက်ရောက်ခဲ့ကြပြီး မတ်လ(၁၇)ရက်မှ (၂၇)ရက်အထိ စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ် ကြောင်းသိရသည်။ သင်တန်းကာလအတွင်း သင်တန်းသား/သူများအား လေ့လာရေးခရီးစဉ် စီစဉ်ဆောင်ရွက် ထားရှိပြီး လေ့လာရေးခရီးစဉ်အပြန်တွင် သင်တန်းသား/သူများ အတွေ့အကြုံများ ဖလှယ်ခြင်းကို ဆောင်ရွက် ကြမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ဦးစီးမှူး ဒုတိယတန်း ဒေါ်အေးအေးသန်း ထံမှ သိရသည်။
နွေရာသီကြက်ခြေနီ လူငယ်လေ့ကျင့်ရေး စခန်းသွင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ(၁၉)ရက် နံနက်(၉)နာရီ က အထက(၁)မြိတ် စံပယ်ခန်းမတွင် ကျင်းပခဲ့ပြီး မြိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက အဖွင့်အမှာစကားပြောကြား၍ မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေ က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် လူရည်ချွန်နှစ်ထက်ကွမ်း ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်တစ်ဦးအား ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဋ္ဌ ဦးမောင်ယု က ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


