ဂါဇာစီးတီး ဇန်နဝါရီ ၁၈
ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအဆုံးသတ်ရေး အမေရိကန်၏ ကြားဝင်စေ့စပ်ပေးသည့်အစီအစဉ်၏ ဒုတိယအဆင့်ကို စတင်သည့်အနေဖြင့် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ကို ဖွဲ့စည်းခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
သမ္မတထရမ့်က ဘုတ်အဖွဲ့၏ သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး ဘုတ်အဖွဲ့ဝင်များတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် စတီဗ်ဝတ်ကော့ဖ်၊ သမ္မတထရမ့်၏သားမက် ဂျာရတ်ကူရှ်နာနှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားတို့ ပါဝင်သည်။
လက်နက်ဖျက်သိမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များပါဝင်သည့် ဒုတိယအဆင့်ကို စတင်ခဲ့ကြောင်း အမေရိကန်အထူး သံတမန် စတီးဗ်ဝတ်ကော့ဖ်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသော ယာယီ ပါလက်စတိုင်းအစိုးရသည် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်မည်ဖြစ်ပြီး ၎င်းအစိုးရကို သမ္မတထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့က အကူးအပြောင်းကာလတွင် ကြီးကြပ်ထိန်းကျောင်းပေးမည်ဖြစ်သည်။
သမ္မတထရမ့်က ဟားမတ်စ်အဖွဲ့အား ၎င်း၏ ကတိကဝတ်များကို လေးစားလိုက်နာရန်နှင့် လက်နက်စွန့်လွှတ်ရေးအတွက် ဆက်လက်တွန်းအားပေးခဲ့သည်။
သို့သော် ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


