နယူးယောက်   ဇန်နဝါရီ   ၁၈

လကမ္ဘာပတ်လမ်းသို့  အာကာသယာဉ်မှူး  လေးဦးစေလွှတ်မည့် ကြီးမားသည့် ဒုံးပျံတစ်စင်းမှာ ဖလော်ရီဒါပြည်နယ် အမေရိကန်အာကာသအေဂျင်စီ (နာဆာ)၏  ကနေဒီအာကာသစင်တာရှိ ဒုံးပျံလွှတ်တင်မည့်နေရာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

အလျား ၉၈ မီတာခန့်ရှည်လျားသည့် အဆိုပါ ဒုံးပျံကို ဇန်နဝါရီ ၁၇ ရက်တွင် တပ်ဆင်ရေးအဆောက်အအုံမှ ကြီးမားသည့်  သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်တင်ကာ ဒုံးပျံလွှတ်တင်မည့်နေရာသို့  ခြောက် ကီလိုမီတာခန့် ရွှေ့ပြောင်းသယ်ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ  ဒုံးပျံကို အမေရိကန်ဦးဆောင်သော အာတီးမစ်လကမ္ဘာစူးစမ်းလေ့လာရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်  လကမ္ဘာပတ်လမ်းသို့ စမ်းသပ်ပျံသန်းမည့် ပထမဆုံးလူလိုက်ပါသည့် ခရီးစဉ်တွင်   အသုံးပြုသွားမည်ဖြစ်သည်။   ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများကလည်း    လကမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းဒုံးပျံလွှတ်တင်မှုကို  လာမည့် ဖေဖော်ဝါရီ ၆ ရက်တွင် ပြုလုပ်သွားဖွယ်ရှိသည်။  ၁၉၇၂  ခုနှစ်က အပိုလို ၁၇ လပေါ်သို့ ဆင်းသက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူသားများကို ကမ္ဘာပတ်လမ်းမှ ထွက်ခွာကာ  လကမ္ဘာဆီသို့   ခေါ်ဆောင်သွားမည်ဖြစ်သည်။

အာကာသယာဉ်မှူးများသည် နောင်အနာဂတ်တွင် လပေါ်သို့ ဆင်းသက်နိုင်ရန် ကြိုတင်ပြင်ဆင်မှု အနေဖြင့် အာကာသထဲတွင် ယာဉ်ချင်းချိတ်ဆက်မှု စမ်းသပ်ချက်များနှင့် အရေးပေါ်အခြေအနေများအတွက် လေ့ကျင့်ခန်းများကို လုပ်ဆောင်သွားဖွယ်ရှိကြောင်း  သိရသည်။                                  

အင်န်အိတ်ချ်ကေ