ခါတွန်   ဇန်နဝါရီ   ၂၁

ဆူဒန်နိုင်ငံ၌ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင် ၄ ဒသမ ၂ သန်းခန့်မှာ ၂၀၂၆ ခုနှစ်အတွင်း  ဆိုးရွားပြင်းထန်သော အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့ရနိုင်ခြေရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ  အာဟာရပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က  ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးပြောကြား ထားသည်။

ကုလသမဂ္ဂ  ဦးဆောင်သော ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၂၆ ခုနှစ်အတွင်း   အသက်ငါးနှစ်အောက်  ကလေးငယ်  ငါးသန်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်  နို့တိုက် မိခင် ၃ ဒသမ ၄ သန်း အပါအဝင် လူပေါင်း ၈ ဒသမ ၄ သန်းခန့် အာဟာရဆိုင်ရာ ထောက်ပံ့ကူညီမှုများ   လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကလေးငယ်   ၈၂၄၀၀၀ ခန့်မှာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်ခြေအရှိဆုံး ဆိုးရွားပြင်းထန်သော အာဟာရချို့တဲ့မှုနှင့်ကြုံတွေ့ရနိုင်ပြီး အရေးပေါ်ကြားဖြတ်စီမံဆောင်ရွက်မှုများမရှိပါက သေဆုံးနိုင်ခြေမှာ သိသိသာသာ မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့သည် ၂၀၂၆   ခုနှစ်တွင် ဆူဒန်နိုင်ငံရှိ ကလေးငယ် ၇ ဒသမ ၉ သန်းအပါအဝင် လူပေါင်း ၁၃ ဒသမ ၈ သန်းကို ထောက်ပံ့ကူညီရန် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ နီးပါးရရှိရေး  လုပ်ဆောင်လျက်ရှိသည်။

ပဋိပက္ခဖြစ်ပွားရာ ပြည်နယ်များရှိ ကျန်းမာရေးဌာန ၇၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းမရှိသေးသည့်အတွက် ကလေးငယ် ၃ ဒသမ ၄ သန်းမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှုရှိသည့် ကူးစက်ရောဂါဖြစ်ပွားမှုများနှင့်   ရင်ဆိုင်ကြုံတွေ့နေကြသည်။

ဆင်ဟွာ