ဒါဗို့စ်  ဇန်နဝါရီ  ၂၂

နဝမအကြိမ်မြောက် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ကာတာနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် အခမ်းအနားတွင် ကြေညာခဲ့သည်။

အဆိုပါဖိုရမ်ကို အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်ဖြင့်  ကျင်းပမည်ဖြစ်ပြီး ရေတိုရင်းနှီးမြှုပ်နှံ မှုကို ကျော်လွန်ပြီး ရေရှည်တန်ဖိုး ဖန်တီးခြင်းကို အလေးပေးသွားမည်ဖြစ်သည်။ ထို့ပြင် ထုတ်လုပ်မှုစွမ်းရည်နှင့် စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်မှုတို့ကို အဓိကထားဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိလွယ်ရှလွယ်မှုအခြေအနေနှင့် မသေချာမှုတို့ ကြီးထွားနေသည့်ကာလတွင် ရင်းနှီးမြှုပ်နှံမှုသည် ချမ်းသာကြွယ်ဝမှုကို မျှဝေပေးနိုင်မည့်  မျက်မှောက်အဓိကမောင်းနှင်အားတစ်ခုဖြစ်လာမည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းရေးမှူးချုပ်ဖြစ်သူ ရီဘက်ကာ ဂရင်းစပန်းက ပြောသည်။

ဖိုရမ်၏အစီအစဉ်တွင် ကမ္ဘာ့ခေါင်းဆောင်များ၏ ရင်းနှီးမြှုပ်နှံမှုအစည်းအဝေး၊ တစ်ကမ္ဘာလုံးဆိုင်ရာ  စတော့အိတ်ချိန်းဆွေးနွေးပွဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းများဆိုင်ရာဝန်ကြီးများ၏ စကားဝိုင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် တိုးတက်မှုဆိုင်ရာအစည်းအဝေးတို့ ပါဝင်မည်ဖြစ်သည်။

ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အစိုးရနှင့်ပုဂ္ဂလိက ခေါင်းဆောင်များသည်  ရေရှည်မျှော်မှန်းချက်ကို ရင်းနှီးမြှုပ်နှံမှုအဖြစ်သို့ ပြောင်းလဲရန် အတူတကွလုပ်ဆောင်ကြမည်ဟု ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှ ရင်းနှီးမြှုပ်နှံမှုဒါရိုက်တာ နန်လီကိုလင်းက ပြောသည်။                           

ဆင်ဟွာ