ရေကြည် ၂၀ မတ်
ဧရာဝတီတိုင်းဒေသကြီး (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုချက်ရန်ပုံငွေဖြင့် ပုသိမ်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့ရှိ အသုတ်ချောင်းမကြီး တစ်လျှောက် ချောင်းတိမ်ကောနေရာများ တူးဖော်ခြင်းနှင့် ကမ်းဆယ်ခြင်းလုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်လျက် ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့မတ်လ ၁၉ ရက်နေ့တွင် အသုတ်ချောင်းကူးတံတားအနီး၌ ဆက်လက်တူးဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တိမ်ကောချောင်းတူးဖော်ခြင်းလုပ်ငန်းကို လုပ်ငန်းတင်ဒါအောင်မြင်သည့်(Kinetic Arts) ကုမ္ပဏီမှ စက်ယန္တရားများဖြည့်တင်းအသုံးပြုလျှက် အပိုင်းနှစ်ပိုင်းခွဲ၍ တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း/ အပိုင်း(၁) အသုတ်ချောင်းကူးတံတားအနီး (RD - ဝ မှ RD - ၁၀၅၀ဝ ပေ) အထိ ထိပ်ဝအကျယ် ပေ(၁၀ဝ)/ အနက်(၈)ပေ တူးဖော်ဆောင်ရွက်လျက်ရှိပြီး/ အပိုင်း(၂)၌ ထိပ်ဝအကျယ် (၆၀)ပေနှင့် အနက်(၇)ပေ ဆက်လက်တူးဖော်ဆောင်ရွက်လျှက်ရှိသည်ရာ ကမ်းဆယ်ခြင်းလုပ်ငန်းကိုလည်း တပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း/ စုစုပေါင်းချောင်း တိမ်ကောနေရာအရှည်(၆)မိုင်ကို မိုးရာသီမတိုင်မီ မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ရေကြည်မြို့နယ်အတွင်း အသုတ်ချောင်းဝန်းကျင်ရှိ မြေနိမ့်ပိုင်း စပါးစိုက်ဧက(၁၀ဝ၀ဝ)ကျော်၌ အဆင်ပြေချောမွေ့စွာ စိုက်ပျိုးလာနိုင်မည့်အပြင် မြေနိမ့်ပိုင်းရှိရပ်ကွက်/ကျေးရွာအုပ်စု(၁၂)စုနှင့် အသုတ်မြို့ပေါ်/ပုသိမ်-မုံရွာလမ်းမကြီး လမ်းပိုင်းအချို့၌ မိုးရာသီမြစ်ရေကြီးမြင့်ချိန် ရေလျှံနစ်မြုပ်မှုလျော့နည်း သက်သာသွားမည်ဖြစ်ပြီး ရေစီးရေလာ ကောင်းမွန်လျက် နစ်မြုပ်ချိန်ကာလပါ တိုတောင်းသွားမည်ဖြစ်ကြာင်း မြို့နယ်ဆည်/ရေဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမော်က ပြောကြားထားကြောင်း သတင်းရရှိသည်။
စိုးမင်းဦး(ပြန်/ဆက်)


