သာယာဝတီ ၂၀ မတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မြို့မရဲစခန်းတွင် မတ်လ ၁၉ ရက်က ၄ ခန်းတွဲ ၂ ထပ်နေအိမ်လိုင်းခန်း ဆောက်လုပ်ရန်အတွက် မြေတူးရာမှ ဗုံးသီးအဟောင်းများ ရှာဖွေတွေ့ရှိခဲ့သဖြင့် ခလရ(၃၅)မှ ခွဲမှူး ဟိန်းထက်ဦး စအရ(၉၁၁) ခွဲ (၂)အင်းမမှ ဗိုလ်ကြီးဟန်ဝင်းအောင် သာယာဝတီခရိုင်ရဲမှူး ယာယီဒုရဲမှူးကြီးအောင်ဇော်မိုး လက်ပံတန်းမြို့နယ် ရဲမှူးဆွေဦးနှင့်အဖွဲ့ဝင်များက ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ဘက်ဟိုးဖြင့် ကော်ထားသည့် မြေကြီးပုံအတွင်းမှ ဗုံးသီးအဟောင်း(၁၇၅)လုံးနှင့် သံချေးတက်နေသည့် လက်ပစ်ဗုံးအဟောင်း(၂၉)လုံး ရှာဖွေတွေ့ရှိခဲ့သည်။
ဗုံးသီးများသည် မြေကြီးထဲတွင် မြုပ်လျက်ရှိနေသေးကြောင်း ဗုံးသီးအဟောင်းနှင့် လက်ပစ်ဗုံး အဟောင်းများသည် စစ်ကျန်ခဲယမ်းဟောင်းများ ဖြစ်နိုင်ကြောင်း သိရသည်။
အဆိုပါ ရှာဖွေတွေ့ရှိခဲ့သည့် ခဲယမ်းအဟောင်းများနှင့် မြေကြီးထဲတွင် မြုပ်လျက်ရှိသည့် ခဲယမ်းအဟောင်းများကို ဆက်လက်ရှာဖွေတူးဖော်နိုင်ရန်နှင့် နေရာရွှေ့ပြောင်းရန်အတွက် အမှတ်(၂) ခဲယမ်းမီးကျောက်တပ်(ပန်းတောင်း)မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက ရဲစခန်းဝန်းပြင်ပ ဘေးကင်းရာသို့ပြောင်းရွှေ့နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)


