ကဘူးလ်   ဇန်နဝါရီ    ၂၆

အာဖဂန်အစိုးရသည် နိုင်ငံတစ်ဝန်း ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူ မိသားစု ၈၀၀၀၀ အတွက် ငွေသားအကူအညီနှင့် စားနပ်ရိက္ခာ များ ပေးအပ်ရေးအစီအစဉ်ကို စတင်ခဲ့ကြောင်း   ဇန်နဝါရီ ၂၅ ရက်က ကြေညာသည်။  တာဝန်ရှိသူတစ်ဦးဖြစ်သူ မာလာဝီအဗ္ဗဒူလ် ဆာလမ်ဟာနာဖီက မြောက်ပိုင်းပြည်နယ်များသို့ သွားရောက်စဉ် အဆိုပါကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်က ဂျော်ဇ်ဂျန်ပြည်နယ်အတွင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နေရပ်ပြန်မိသားစု ၂၂၀၀ ကို  ငွေသားအကူအညီနှင့် စားနပ်ရိက္ခာ ထောက်ပံ့မှုများ  စတင်ပေးဝေခဲ့ကြောင်း  သိရသည်။  အလားတူ  ဘက်ခ်ဟ်ပြည်နယ်တွင်လည်း ဇန်နဝါရီ ၂၄ ရက်က အဆိုပါ ထောက်ပံ့ရေးအစီအစဉ်ကို ဟာနာဖီက စတင်ခဲ့ကြောင်း သိရသည်။

အစိုးရက နေရပ်ပြန်ရွှေ့ပြောင်းနေထိုင်သူများကို အထူးဦးစားပေး ပေးအပ်လျက်ရှိပြီး အာဖဂန်နစ္စတန် နိုင်ငံတစ်ဝန်း မိသားစု ၈၀၀၀၀ အတွက်  ငွေသားနှင့် အစားအစာအကူအညီကို တိုးချဲ့သွားမည်ဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

ငွေသားနှင့် စားနပ်ရိက္ခာများအပြင်  သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နေရပ်ပြန်မိသားစုများအတွက် ၎င်းတို့၏  မွေးရပ်မြေ၌ နေထိုင်ရန်မြေကွက်  တစ်ခုကိုလည်း ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တရားဝင်စာရင်းအချက်အလက်များအရ ၂၀၂၅  ခုနှစ်အတွင်း  အာဖဂန်ရွှေ့ပြောင်းနေထိုင်သူ ၂ ဒသမ ၈ သန်းခန့်မှာ အိမ်နီးချင်းနိုင်ငံများ အများအားဖြင့်   အီရန်နှင့်  ပါကစ္စတန်နိုင်ငံတို့မှ  နေရပ်ပြန်လာခဲ့ကြောင်း သိရသည်။            

ဆင်ဟွာ