ဗန်ကောက်      ဇန်နဝါရီ      ၂၇

ထိုင်းနိုင်ငံ၌  နိုင်ငံသားများအား မိုဘိုင်းဖုန်းမှတစ်ဆင့် သဘာဝဘေးအန္တရာယ် အရေးပေါ်သတိပေးချက်ပေးပို့သည့်စနစ်ကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးလျှော့ချရေးအတွက်  အစွမ်းထက်ထိရောက်သည့်  ဆက်သွယ်ရေးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံသားများအား သဘာဝဘေးအန္တရာယ် သတိပေးချက်စမ်းသပ်ပေးပို့ခြင်းအဖြစ် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ဗန်ကောက်နှင့်  ပြည်နယ် ၇၆ ခုရှိ  ဒေသခံများထံ မိုဘိုင်းဖုန်းများမှ  သဘာဝဘေးဆိုင်ရာ သတိပေးချက်စမ်းသပ်ပေးပို့ခဲ့ကြောင်း သဘာဝဘေးကာကွယ်ရေးနှင့် လျှော့ချရေးဌာနက ပြောကြားသည်။  တစ်နိုင်ငံလုံးအဆင့်ဖြင့် စမ်းသပ်ဆန်းစစ်ချက်များအရ ၎င်းသဘာဝဘေးအန္တရာယ် သတိပေးချက်ပေးပို့သည့်စနစ်သည် လုပ်ငန်းများကို တိကျစွာဆောင်ရွက်နိုင်ပြီး အမျိုးသားသဘာဝဘေးလုံခြုံရေးအတွက် ထိရောက်သည့်နည်းလမ်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  အန်ဆစ်ဆန်ပန်သာရက်က ပြောကြားသည်။ ၎င်းသဘာဝဘေးဆိုင်ရာ သတိပေးချက်ကို သတ်မှတ်နေရာများရှိ ဒေသခံများထံ မိုဘိုင်းဖုန်းမှ ၁၀ စက္ကန့်အတွင်း အင်္ဂလိပ်နှင့် ထိုင်းဘာသာများဖြင့်  ပေးပို့ခဲ့ကြောင်း  ၎င်းကပြောကြားသည်။ မြေငလျင်၊  ဆူနာမီမုန်တိုင်း၊  လေမုန်တိုင်း၊  ရေကြီးရေလျှံခြင်း၊ လေထုညစ်ညမ်းခြင်း၊ အများပြည်သူဆိုင်ရာနေရာများတွင် အဓိကရုဏ်းများဖြစ်ပွားခြင်း၊ မီးလောင်မှုဖြစ်ခြင်းနှင့် ယာဉ်စည်းကမ်း ချိုးဖောက်ခြင်းကိစ္စရပ်များအပါအဝင် သဘာဝဘေး ၁၄ ခုတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် သတိပေးချက်များ ပေးပို့မည်ဖြစ်သည်။  ယခုသဘာဝဘေးအရေးပေါ်သတိပေးချက်ပေးပို့သည့်စနစ် အောင်မြင်ရေးအတွက် နိုင်ငံသားများထံမှ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်လမ်းညွှန်ချက်များကို  မှန်ကန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။ ယခုသဘာဝဘေးအရေးပေါ် သတိပေးချက်ပေးပို့သည့်စနစ် ဆောင်ရွက်ရခြင်းမှာ  နိုင်ငံသားများကို  သဘာဝဘေးများတွင် ထိခိုက်ခံစားရခြင်းမှ လျော့ကျစေရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ