ဘေရွတ် ဇန်နဝါရီ ၂၈
လက်ဘနွန်နိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး နီဆာဟန်နီသည် လက်ဘနွန်နိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး ခရစ်စတိုဖာ ဗီဗီကီ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်ဟု ပြည်တွင်းမီဒီယာတွင် ဇန်နဝါရီ ၂၈ ရက်က ဖော်ပြခဲ့သည်။
လက်ဘနွန်နိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့တွင် လက်ဘနွန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးသည့် ဒိန်းမတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ကိုယ်စားလှယ်များပါဝင်သည်။ အစည်းအဝေးတွင် လက်ဘနွန်တောင်ပိုင်းဒေသများရှိ စိုက်ပျိုးရေး ကဏ္ဍ ပြန်လည်တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂၈ သန်း တန်ဖိုးရှိသည်ဟု အင်န်အင်န်အေသတင်းဌာနတွင် ဖော်ပြထားသည်။
စုစုပေါင်းရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာငါးသန်းကို ဒိန်းမတ်နိုင်ငံက လှူဒါန်းမည်ဖြစ်ပြီး ကျန်ငွေများကို အီးယူနှင့်ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့က ထောက်ပံ့ပေးသွားမည်ဟု အဆိုပါ သတင်းဌာနတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းစီမံကိန်းသည် လက်ဘနွန်နိုင်ငံတောင်ပိုင်း စိုက်ပျိုးရေးကဏ္ဍ ပြန်လည်တည်ထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်တွင် လက်ဘနွန်နိုင်ငံကို ကူညီမည်ဟူသော အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ ကတိကဝတ်ကို ထင်ဟပ်စေသည်ဟု စိုက်ပျိုးရေးဝန်ကြီးက ပြောသည်။
ဆင်ဟွာ


