ညောင်ဦး ၂၀ မတ်
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ နွေရာသီသောက်သုံးရေရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်မီးသတ်ဦးစီး ဌာနမှ တပ်ကြပ်ကြီး စိုးမိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် သဲပြင်တော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာသည် အိမ်ထောင်စု ၃၇၀ ၊ လူဦးရေ ၂၀ဝ၀ ရှိပြီး ကျေးရွာတွင် အဝီစိ စက်ရေတွင်းရှိသော်လည်း ရေချိုမရရှိ၍ နှစ်စဉ် နွေရာသီကာလများတွင် သောက်သုံးရေအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သဲပြင်တောကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ညောင်ဦးခရိုင်မီးသတ်ဦးစီး ဌာနမှ တပ်ကြပ်ကြီး စိုးမိုးအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ရေဂါလန် ၃၂၀ဝ အား ကျေးရွာရှိ ဒေသခံ ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေသည့် ကျေးရွာများမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစွာ သုံးစွဲနိုင်ရန်နှင့် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် စဉ်ဆက်မပြတ် သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


