၂၀ မတ်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကို မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် ဂျပန်၊ မကာအို၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုပွဲများကို တစ်ရက်ခြား ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးအုပ်စုဒုတိယနေရာရ လေးသင်း၊ စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းအသင်းသည် ခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပထမနေရာရပါက အကောင်းဆုံးအုပ်စု ဒုတိယနေရာ တွက်ချက်ရာတွင် အဆင့် (၅) ရသည့်အသင်းမှာ ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် မတ် ၂၂ ရက်တွင် တီမောအသင်း၊ မတ် ၂၄ ရက်တွင် မကာအိုအသင်း၊ မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းနှင့် တွေ့ဆုံနေသောကြောင့် အုပ်စုပထမရရန် ခက်ခဲဖွယ်ရှိနေပြီး အကောင်းဆုံးအုပ်စုဒုတိယနေရာဖြင့်သာ ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲအတွက် မတ် ၄ ရက်တွင် ပဏာမကစားသမား ၂၈ ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီး နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်လျက်ရှိသည်။
မြန်မာအသင်းသည် ခြေစစ်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် မတ် ၉ ရက်က စင်ကာပူလိဂ်တွင် လာရောက်ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ခြေစစ်ပွဲတစ်ကြိမ်သာ အောင်မြင်ဖူးပြီး တစ်ကျော့ပြန်ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာအသင်းသည် ၂၀၁၄ ပြိုင်ပွဲတစ်ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ဖူးပြီး ၂၀၁၆ နှင့် ၂၀၁၈ ပြိုင်ပွဲတို့တွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်