နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ     ရှမ်းပြည်နယ်(မြောက်ပိုင်း)    မိုင်းရယ်မြို့နယ်အတွင်း    အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ    အခြေပြုလုပ်ကိုင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့်  နယ်မြေရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ရာ  ယနေ့နံနက်  ၇  နာရီခန့်တွင်  မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၃၅ ကီလို မီတာခန့်အကွာ ဟိုက်ပုကျေးရွာအနီးသို့အရောက်၌ မသင်္ကာဖွယ်ရာ အဆောက်အအုံများကို  တွေ့ရှိရသဖြင့်  ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာဖြစ်ကြောင်း  တွေ့ရှိရပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြသူများဖြစ်သည့် တရုတ်နိုင်ငံသား  အမျိုးသား ၃၂၁ ဦး၊ အမျိုးသမီး ကိုးဦး  စုစုပေါင်း ၃၃၀ တို့နှင့်အတူ   မိုးကာအစိမ်းစများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံ ၁၅ လုံး၊ ဆောက်လုပ်ဆဲအဆောက်အအုံ ၁၀ လုံး၊အွန်လိုင်း လိမ်လည်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် မီးစက်နှစ်လုံး၊ ဖုန်းမျိုးစုံ ၂၀၈ လုံး၊ ALL-IN-ONE ကွန်ပြူတာ ၈၆ လုံး၊ LAPTOP ခုနစ်လုံး၊   STAR LINK ၂၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၁၀ စီးတို့ကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း   စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေပြုလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆိုပါ ဒုစရိုက်မှုနှိမ်နင်းရေးလုပ်ငန်းများကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်