နေပြည်တော်       ဖေဖော်ဝါရီ       ၃

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ရန်ကုန်- နေပြည်တော် လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင်လည်း ရထားလမ်းအဆင့်မြှင့်တင်ပြုပြင်ပြီး ဖြစ်၍ DEMU ရထားနှင့် RBE ရထားများဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

ထိုသို့ ပြေးဆွဲပေးလျက်ရှိရာတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ရန်ကုန် မြို့ပတ်လမ်းပိုင်းအတွင်း  အင်းစိန်-လှော်ကား ပြေးဆွဲပေးလျက်ရှိသည့် RBE (ခ-၇)အဆန်ရထားသည် တညင်းကုန်းဘူတာနှင့် လှော်ကားဘူတာအကြား မိုင်တိုင်အမှတ် ၁၅/၁၁-၁၂ အရောက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် အမည်မသိသူတစ်ဦးက ရထားအား ခဲဖြင့်ပစ်ပေါက်ခဲ့ရာ ခရီးသည်မှန်ပြတင်းပေါက် အလျား ၃ ပေ ၇ လက်မ၊ အနံ ၁ ပေ ၆ လက်မရှိသော ပြတင်းပေါက်မှန်ကွဲကြေ ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် လှော်ကားနယ်မြေရဲစခန်း တွင် အမှုအမှတ် (ပ) ၃၃/၂၀၂၆၊  ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး  အခင်းဖြစ်ပွားရာသို့  ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင်  လုံခြုံရေးအဖွဲ့များဖြင့်  သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ ထပ်မံ၍ ခဲဖြင့်ပစ်ပေါက်ခဲ့သူတရားခံ လေးဦးဖြစ်သော ရွှေပြည်သာမြို့နယ်နေ ထိန်းလင်းအောင်၊  ပြည်ဖြိုးအောင်၊  ချမ်းမြေ့အောင်နှင့် ကောင်းမြတ်မင်းတို့အား ဖမ်းဆီးရမိခဲ့သည်။

အလားတူ  ယနေ့နံနက် ၁၀ နာရီ ၃၆  မိနစ်တွင်  ရန်ကုန်-နေပြည်တော်လမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် အမှတ်(၃၁)အဆန် DEMU ရထားသည် ရေတာရှည်မြို့နယ်  မြို့လှနှင့် ရေနီဘူတာအကြား မိုင်တိုင်အမှတ် ၂၀၃/၁၅-၁၆ အကြား ရထားပြေးဆွဲဖြတ်သန်းနေစဉ် အမည်မသိသူတစ်ဦးက ရထားအား  ခဲဖြင့်ပစ်ပေါက်ခဲ့ရာ စက်ခေါင်းနောက် သုံးတွဲမြောက်DEMU-U-2004 အထက်တန်းတွဲ(၂)၏ ညာဘက်ခြမ်း ခရီးသည်ထိုင်ခုံနေရာ A-4 ပြတင်းပေါက်အပေါ်မှန် ခြောက်လက်မခန့် ပေါက်၍ ကွဲကြေပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ရေနီဘူတာတွင် ရှစ်မိနစ်ခန့် ရထားရပ်တန့်ခဲ့ပြီး  သက်ဆိုင်ရာနယ်မြေရဲစခန်းတွင်  အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ယခင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် အမှတ်(၇)အဆန် DEMU ရထားအား  ဖြူးနှင့်  ဇေယျဝတီဘူတာအကြား ခဲဖြင့်ပစ်ပေါက်ခဲ့သူ တရားခံ ထက်ဦးလွင်(ခ)မငထော်နီအား  တောင်ငူခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ  ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့်  ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ငါးနှစ်မှ အများဆုံး နှစ် ၂၀ ထက်မပိုသော  ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရပြီး ယခုဖြစ်စဉ်များနှင့်ပတ်သက်၍  ဥပဒေနှင့်အညီ   ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန် လိုအပ်ကြောင်း သိရသည်။

သတင်းစဉ်