ဖေဖော်ဝါရီ ၄
စပိန်နိုင်ငံသည် ပြင်သစ်နှင့် ဒိန်းမတ်နိုင်ငံတို့ပြီးလျှင် အသက် ၁၆ နှစ်အောက် ကလေးများကို လူမှုကွန်ရက်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ရန်စီစဉ်ထားသောနောက်ဆုံးဉရောပနိုင်ငံဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းတွင်ပြောကြားသော မိန့်ခွန်းတစ်ခုတွင် ယင်းအချက်ကို ကြေညာခဲ့သည်။
အစိုးရသည် လူမှုမီဒီယာပလက်ဖောင်းများတွင် အသက်အတည်ပြုစနစ်များကို မိတ်ဆက်ရန်နှင့် အသက် ၁၆ နှစ်အောက် ကလေးများကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ အသုံးပြုခြင်းမှ တားမြစ်ရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
အဆိုပါကလေးများသည် အလွဲသုံးစားပြုမှု၊ အကြမ်းဖက်မှုများနှင့်ကြုံတွေ့ရနိုင်သည်ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။
ကလေးများအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုနှင့်ပတ်သက်သည့် တိုးပွားလာနေသော စိုးရိမ်ပူပန်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်ပါလီမန်သည် အသက် ၁၅ နှစ်အောက် ကလေးများအတွက် လူမှုမီဒီယာကို ပိတ်ပင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ဆွေးနွေးလျက်ရှိသည်။
ဒိန်းမတ်အစိုးရသည် အသက် ၁၅ နှစ်အောက် အရွယ်မရောက်သေးသူများကို လူမှုမီဒီယာသို့ ဝင်ရောက်ခွင့် တားမြစ်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာလကကြေညာခဲ့သည်။
သြစတြေးလျသည် အသက် ၁၆ နှစ်အောက် ကလေးများအတွက် လူမှုမီဒီယာကို ပိတ်ပင်သည့် ဥပဒေတစ်ရပ်ကို ဒီဇင်ဘာလက ပြဋ္ဌာန်းခဲ့သည်။ သို့ရာတွင် ဆိုရှယ်မီဒီယာပလက်ဖောင်းများ အသုံးပြုသူများ၏ အသက်အရွယ်ကို မည်သို့အတည်ပြုနိုင်သည်ဟူသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


