နေပြည်တော် ၂၀  မတ် 

 

၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

 

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ တေးသံရှင် စန္ဒာလင်းက ထူးမခြားနားသီချင်းခံကို မြန်မာရိုးရာစောင်းသံဖြင့် သီဆိုတီးခတ်ပူဇော်ပြီး ဒုတိယ ဝန်ကြီး ဦးကြည်မင်းက အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျောက်ထားသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ယင်းနောက် ရခိုင်ပြည်နယ် စစ်တွေမြို့ ဒက္ခိဏာရာမကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တစန္ဒကသမ္မောဒ နီယသြဝါဒကထာကို ချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

 

ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒက္ခိဏာရာမစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒနှင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့ ဓမ္မာလင်္ကာရ ရေအားလျှပ်စစ်စာသင်တိုက် ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စစ်ကိုင်းစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒ၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မိုင်းသောက်ပထမစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာဘိဝံသနှင့် ရန်ကုန်တိ်ုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပုညနိမ္မိတာရာမရွှေသုဝဏ် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသဒ္ဓိယတို့အား  ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ လာအိုနိုင်ငံမှ ဆရာတော် Ven.Noi SANGVALO နှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရတနာမာန်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒတို့အား လည်းကောင်း၊  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် စတုဘုမ္မိကမဂ္ဂင်ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယနှင့် နေပြည် တော် ပျဉ်းမနားမြို့နယ် ခေမာသီဝံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇနိယတို့အားလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရဆရာတော်များအားလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့က အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်များအားလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။

 

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိ်ုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဂန္ထဝါစကပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊  အဂ္ဂမဟာသဒ္ဓမ္မ ဇော တိကဓဇ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာ နာစရိယနှင့် ကမ္မဋ္ဌာနာစရိယ ဘွဲတံဆိပ်တော်ရ ပြည်တွင်း၊ ပြည်ပ ဆရာတော်များအား ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ချိုချိုက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ခေမာရာမ သီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ထေရီ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဇေယျ သိင်္ဂီချောင် သီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ဂုဏဝတီနှင့် မဟာသဒ္ဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဓမ္မဝါရီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ဓမ္မသိင်္ဂီတို့အား ဘွဲ့တံဆပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူ ဇော်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး နန့်ကြင်ကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ၏ဇနီး ဒေါ်ဌေးရီတို့က မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဂန္ထဝါစကပဏ္ဍိတနှင့် သဒ္ဓမ္မဇောတိကဓဇ  ဘွဲတံဆိပ်တော်ရ ပြည်တွင်း ပြည်ပမှ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ် တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

 

ထို့နောက်  အမျိုးသားလူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ မိုးကုတ်မြို့နေ ဦးနန္ဒ၊ မရမ်းကုန်းမြို့နေ ဦးတင်စိန် (ခ) ဦးနီနီ၊ စမ်းချောင်းမြို့နေ ဦးကျော်ဝင်း၊ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဗဟန်းမြို့နေ ဦးသိန်းဟန်နှင့် တောင်ကြီးမြို့နေ ဦးဝေလွင်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ မရမ်းကုန်းမြို့နေ ဦးလှဌေး၊ လောက်ကိုင်မြို့နေ ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်၊ မရမ်းကုန်းမြို့နေ ဦးမျိုးဆက်၊ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေ ဦးချစ်ခိုင်နှင့် မော်လမြိုင်မြို့နေ ဦးခင်ဝင်းတို့အားလည်းကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သီဟသုဓမ္မမဏိ ဇောတဓရ ဘွဲ့တံဆိပ်ရ ကြည့်မြင်တိုင်မြို့နေ ဦးအောင်သန်းစိန်၊ လှိုင်မြို့နေ ဦးကျော်ဌေး၊ ပန်းပဲတန်း မြို့နေ ဦးမျိုးညွန့်၊ ပုဗ္ဗသီရိမြို့နေ ဦးကျော်ဇေယျနှင့် သာကေတမြို့နေ ဦးလှမြင့်တို့အားလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က သီဟသုဓမ္မ မဏိဇောတဓရနှင့် သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ရ အမျိုးသားလူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက်  အမျိုးသမီးလူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂ ီဘွဲ့ တံဆိပ်ရ မရမ်းကုန်းမြို့နေ ဒေါက်တာသင်းသင်း၊ ကမာရွတ်မြို့နေ ဒေါ်စန်းစန်းနွဲ့၊ လှိုင်မြို့နေ ဒေါ်ခိုင်ခိုင်ဦးနှင့် တောင်ကြီးမြို့နေ ဒေါ်နန်းသက်စုလှိုင်ထွန်းတို့နှင့် သီရိသုဓမ္မသီင်္ဂီ ဘွဲ့တံဆိပ်ရ ချမ်းအေးသာစံမြို့နေ ဒေါ်စန်းစန်းဝေ (ခ) ဒေါ်စန်းဝေတို့ အားလည်းကောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချိုက သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ သင်္ဃကျွန်းမြို့နေ ခိုလုံလီရှောတိုင်းရင်းသူ ဒေါ်ဝင်းမြင့်၊ မဟာအောင်မြေမြို့နယ်နေ ဒေါ်မြင့်မြင့်သန်း၊ ချမ်းအေးသာစံမြို့နယ်နေ ဒေါ်ဌေးဌေးအောင်၊ ကမာရွတ်မြို့နေ ဒေါ်လှယဉ်ဝင်းနှင့် ဒေါ်ဝေဝေမွန်တို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးက သီရိသုဓမ္မသိင်္ဂီဘွဲ့ တံဆိပ်ရ မြဝတီမြို့နေ ကရင်တိုင်းရင်းသူ နော်ဖောဖော၊ ဗဟန်းမြို့နေ ဒေါ်မာလာမြင့်၊ မရမ်းကုန်းမြို့နေ ဒေါ်မိုးစိမ့်စိမ့်လင်း၊ ကမာရွတ်မြို့နေ ဒေါ်သက်သက်နိုင်နှင့် ဗဟန်းမြို့နေ ဒေါ်အိသန္တာဘိုတို့အားလည်းကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းက သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ မရမ်းကုန်းမြို့နေ ဒေါ်ဇေဇင်လတ်နှင့် ဗဟန်းမြို့နေ ဒေါ်သိင်္ဂီလင်းတို့နှင့် သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ညွန့်ညွန့်၊ ပန်းပဲတန်းမြို့နေ ဒေါ်လှကြည် (ခ) ဒေါ်ရီရီမြင့်နှင့် ရွှေဘိုမြို့နေ ဒေါ်နွဲ့နွဲ့တို့အားလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး နန့်ကြင်ကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၏ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်း ထွန်းဟိန်၏ ဇနီး ဒေါက်တာစိန်စိန်သိမ်းနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၏ ဇနီး ဒေါ်သိန်းယဉ်ချေတို့က သီဟသုဓမ္မသိင်္ဂီနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ အမျိုးသမီးလူပုဂ္ဂိုလ်များအား  ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

ညနေပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နေပြည်တော်ကောင်စီတို့မှ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ၊ ဘွဲ့ခံဆရာတော်များ၏ ဒါယကာ၊ ဒါယိကာမများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကုမ္ပဏီ များနှင့် အလှူရှင်ပြည်သူများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ အား ဥပ္ပါတသန္တိစေတီတော် အဝင်လမ်းနှင့် စေတီတော်ပတ်လမ်းတစ်လျှောက်တို့၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်းလှူပူဇော်ကြသည်။

 

ယနေ့ကျင်းပသည့် ၂၀၁၉ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် ရဟန်းတော် ၂၅၄ ပါး၊ သာသနာနွယ်ဝင် သီလရှင် ဆရာကြီး ၁၄ ပါး၊ လူပုဂ္ဂိုလ် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၅၈ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ဆက်ကပ် ပေးအပ်ချီးမြှင့်ခဲ့သည်။

 

(သတင်းစဉ်)