စစ်ကိုင်း ၂၀ မတ်
စစ်ကိုင်းမြို့ရှိ အဖြူရောင်ဆေးသင်္ကန်းတော် ကပ်လှူပြီးစီးသည့် ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနား နှင့် သီတဂူဆရာတော်ကြီး၏ သက်တော် ၈၂နှစ်ပြည့် မွေးနေ့မင်္ဂလာအဖြစ် သံဃာအပါး ၁၀ဝ၀ အား ဆွမ်းကြီးလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အဖြူရောင်ဆေးသင်္ကန်း ကပ်လှူပြီးစီးသော ကောင်းမှုတော်စေတီ တော်ကြီးအား စစ်ကိုင်းမြို့ရှိ ပင့်သံဃာအပါး ၁၀ဝ၀ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်ခြင်းကိုပြုလုပ်ခဲ့သည်။
ထို့နောက် သံဃာအပါး ၁၀ဝ၀ တို့အား သီ တဂူဆရာတော်ကြီး သက်တော် (၈၂) ပြည့်မွေးနေ့မင်္ဂလာအဖြစ် ဆရာတော်ဘုရားကြီး၏ တပည့်သာဝကများ၊ စေတနာ ရှင်၊ အလှူရှင်များက သင်္ကန်း၊ ထီး၊ ဖိနပ်၊ ဆွမ်း၊ ဆွမ်းဟင်း နှင့် လှူဒါန်းဖွယ်ရာ များဖြင့် ဆွမ်းကြီးလောင်းလှူခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် သီတဂူဆရာတော်ကြီး၏တပည့် သံဃာတော်များ နှင့် ဒကာ၊ ဒကာမ အပေါင်းတို့က သီတဂူဆရာတော်ဘုရားကြီးထံမှသြဝါဒတရားနာယူ၍ လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးဘုရားဖူးလာ ပြည်သူများအား စတုဒီသာကျွေးမွေးခြင်းနှင့် ညပိုင်းတွင် တေးဂီတ၊အငြိမ့်ဖျော်ဖြေခြင်း များပြုလုပ်ခဲ့ကြ သည်။
အဆိုပါ အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင် သာသနာပိုင် သီတဂူ ဆရာ တော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၊စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အနယ်နယ် အရပ်ရပ်ရှိ သီတဂူဆရာတော်ဘုရားကြီး၏ တပည့်ဒါယိကာ ၊ဒါယိကာများတက်ရောက် ခဲ့ကြသည်။
ထို့ပြင် အဆိုပါ ကောင်းမှုတော်စေတီတော်၌ မတ် ၂၁ ရက်တွင် ပါမောက္ခချုပ် ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ၏ ၇၉ နှစ်ပြည့်မွေးနေ့မင်္ဂလာ အဖြစ်သီလရှင် အပါး တစ်ထောင်အား ဆွမ်းဆန်စိမ်းလောင်းလှု သွားမည်ဖြစ်ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီး၏ သက်တော် ၈၂ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မတ် ၁၈ ရက်တွင် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီလရှင် ဆရာကြီး၊ဆရာလေး အပါး ၁၀ဝ၀ တို့ကို လည်းကောင်း၊ မတ် ၁၉ ရက်တွင် သံဃာ အပါး ၁၀ဝ၀ တို့ကိုလည်းကောင်း ဆွမ်းကြီးလောင်းလှူခဲ့ကြကြောင်းနှင့် မန္တလေး၊ ရန်ကုန်နှင့် တောင်ငူမြို့တို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်များမှ သံဃာတော်အပါး ၁၀ဝ၀ တို့ကိုလည်း လှူဖွယ်ပစ္စည်းများ ပို့ဆောင်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


