နေပြည်တော် ဖေဖော်ဝါရီ ၅

 

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ နေ့စဉ်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ထုတ်ပြန်ထားသည့် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်း/ ဝယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်ကိုလည်း ရွှေလုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ပြီး ဖြစ်သည်။ 

 

သို့ရာတွင် အချို့သောရွှေလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေရန်အတွက် ဝိသမလောဘဖြင့် ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမြင့်တက်စေရန်နှင့် ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်တို့ဖြင့် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက နေ့စဉ်သတ်မှတ် ထုတ်ပြန်ထားသော ရွှေရည်ညွှန်းဈေးထက် ကျော်လွန်သည့် ဈေးနှုန်းများဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ၍ တရားမဝင် သိုလှောင်ခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖော်ထုတ်ခဲ့သည်။ 

 

ထိုသို့ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများ အသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင ့်(သိန်းသန်းစိန်ရွှေ ရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ သုံးဦးသည် ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/ သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ 

 

ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည်ရောင်းချရန် သိုလှောင်ထားရှိခဲ့ကြောင်း၊ ထို့အတူ ဦးမျိုးသူဝင်းအနေဖြင့် ၎င်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ် သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ 

 

ဦးမျိုးမြင့်၊ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့ သုံးဦးသည် ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံး ရွှေခဲများကို ဝယ်ယူ/ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့ခြင်းများမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များကို ဖောက်ဖျက် ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့ သုံးဦးအပေါ် တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။ 

 

ထို့အပြင် ရွှေလုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းစဉ်