ဗြိတိန်နာမည်ကြီး တင်းနစ်မယ် အမ်မာရာဒူကာနူသည် ထရန်ဆဲလ် ဗေးနီးယားအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပြိုင်ဘက် ရိုမေးနီးယားတင်းနစ်မယ် ဆိုရာနာ ဆာစတီယာကို ရှုံးနိမ့်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖလားဆွတ်ခူးခွင့်နှင့် လွဲချော်ခဲ့ပြီဖြစ်သည်။
ထရန်ဆဲလ်ဗေးနီးယားအိုးပင်းပြိုင်ပွဲသည် ရိုးမေးနီးယားနိုင်ငံ ကလုဂျ်-နာပိုကာမြို့၌ ကျင်းပသည့် ဒဗလျူတီအေ ၂၅၀ အဆင့်ရှိ အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်သည်။ အသက် ၂၃ နှစ် အရွယ် ဗြိတိန်နံပါတ်တစ် တင်းနစ်မယ် ရာဒူကာနူသည် ဗိုလ်လုပွဲတွင် အသက် ၃၅ နှစ်အရွယ် တင်းနစ်မယ် ဆာစတီယာကို ၆-၀၊ ၆-၂ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။
ရာဒူကာနူသည် ၂၀၂၁ ခုနှစ်က ယူအက်စ်အိုးပင်းဖလားပြိုင်ပွဲတွင် ဖလားဆွတ်ခူးရရှိပြီးနောက် အောင်မြင်မှုနှင့် အလှမ်းဝေးကွာ နေသူဖြစ်သည်။ ရာဒူကာနူသည် ထရန်ဆဲလ်ဗေးနီးယားအိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ပြိုင်ဘက်ယူကရိန်းတင်းနစ်မယ် အိုလက်ဆန်ဒရာ အိုလီနီကိုဗာကို သုံးနာရီနီးပါးကြာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး ၇-၅၊ ၃-၆၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။
ဆိုရာနာ ဆာစတီယာသည် ကွာတားဖိုင်နယ်တွင် လက်ရှိချန်ပီယံ ဩစတြီးယားတင်းနစ်မယ် ပိုတာပိုဗာ၊ ဆီမီးဖိုင်နယ်တွင် ဒါရီယာ စနီဂါတို့ကို အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက်ရာဒူကာနူကို ထပ်မံအနိုင်ယူကျော်ဖြတ် ကာ ထိုက်ထိုက်တန်တန်ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
မိုးဇက်


