မုံရွာ ဖေဖော်ဝါရီ ၉
မုံရွာမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ကဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ အလယ်ရပ်ကွက်ရှိ ချင်းတွင်းရတနာဈေးကြီး၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မုံရွာမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌများ၏ ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းနှင့် အပြင်ရှိ လုံခြုံရေးမီး တပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တာဝန်ရှိသူများက သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက မီးသတ်ယာဉ်နှစ်စီးဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်း၊ အရေးပေါ် မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်း၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်နည်းများအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
အလားတူ အဆိုပါအဖွဲ့သည် မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေး၊ ရုံးကြီးရပ်ကွက်ရှိ သီရိရတနာဈေး၊ မြသလ္လာဈေးနှင့် မုံရွာမြို့နယ်စုပေါင်းရုံးတို့တွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(မုံရွာ/ကိုယ်ပွား)


