ထားဝယ် ဖေဖော်ဝါရီ ၉

ကမ္ဘာ့ဈေးကွက်ဝင်သီးနှံများ ထုတ်လုပ်ရေးအတွက် သီးနှံများတွင် ဓာတုဓာတ်ကြွင်း လျှော့ချရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းတွင် တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးက သီးနှံများတွင် ဓာတုဓာတ်ကြွင်း လျှော့ချရေးအတွက် တရားဝင်မှတ်ပုံတင်ထားသော ဓာတုဆေးများကိုသာ သုံးစွဲကြရန်၊ ဓာတုဆေးများသုံးစွဲပြီးချိန် အညွှန်းပါမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့် ကာလကို လိုက်နာရန်၊ အဆိပ်ပစ္စည်းတစ်မျိုးတည်း ဆက်တိုက်သုံးစွဲခြင်း မပြုရန်နှင့် သီးနှံများသိုလှောင်ချိန်တွင် ဓာတုဆေးများ ပက်ဖျန်းပြီး သိုလှောင်သိမ်းဆည်းခြင်း မပြုရန် အသိပညာပေး ပြောကြားသည်။

ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား သီးနှံကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)