အစ္စလာမာဘတ် ဖေဖော်ဝါရီ ၁၀
ပါကစ္စတန်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ တစ်ဘီလီယံကို ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်က ပြောကြားသည်။
နိုင်ငံအတွင်း နိုင်ငံသားများ၏ လူမှုစီးပွားဘဝနှင့် ဒစ်ဂျစ်တယ်စီးပွားရေးမြှင့်တင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဉာဏ်ရည်တုနည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြင့် ဉာဏ်ရည်တုနည်းပညာ ဂေဟစနစ်ကို ခိုင်မာစေမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူငယ်များအား ဉာဏ်ရည်တုနည်းပညာကဏ္ဍတွင် လုပ်ပိုင်ခွင့်များ အများအပြားပေးနိုင်မည်ဟု သိရသည်။ နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ သတ္တုနှင့် သတ္တုသယံဇာတဆိုင်ရာလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် လူငယ်ရေးရာတို့တွင် ဉာဏ်ရည်တုနည်းပညာဖြင့် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ပါကစ္စတန်အနေဖြင့် ဉာဏ်ရည်တုနည်းပညာကဏ္ဍတွင်ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများကို ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူငယ်များအား ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အသိပညာများပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်းရှိ ကျောင်းများတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို သင်ကြားမည်ဖြစ်ပြီး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပါရဂူဘွဲ့ပညာတော်သင်အစီအစဉ်များကိုလည်း ဆောင်ရွက်မည်ဟု သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


