မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ မီးငြှိမ်းသတ် လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါစျေး၌ ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရမောင်တို့က မြို့မစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြည့်ရှုစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ မြို့မစျေးရှေ့၌ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိက မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်များနှင့် မီးဘေးနှင့်ပတ်သက်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ချိတ်ဆွဲထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဈေးသူဈေးသားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်များကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)


