နေပြည်တော် ဖေဖော်ဝါရီ ၁၀

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော နီကာရာဂွါ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဆီဂွမ်ဒို မာတင် ကယ်လီရိုအက်စကိုစီယာနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဟာရီရှ် ချန်ဒရာ ဂီမီရေးတို့အား ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။

 

မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဆီဂွမ်ဒိုမာတင်ကယ်လီရို အက်စကိုစီယာနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပြီး နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများအပြန်အလှန် ဖွင့်လှစ်နိုင်ရေး၊ နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး အပါအဝင် မြန်မာ-နီကာရာဂွါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

အမြင်ချင်းဖလှယ် ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာ တည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုတိုးမြင့်စေရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်