ရန်ကုန်   ဖေဖော်ဝါရီ     ၁၀

၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၆ ပွဲကျန်နှင့် ပွဲစဉ် ၁၇ ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပရာ ရှမ်းယူနိုက် တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အနိုင်ရခဲ့သည်။

သုဝဏ္ဏကွင်း၌ကျင်းပသည့် ပွဲစဉ် ၁၆ ပွဲကျန်တွင် ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  ယင်းပွဲကို  ရှမ်းယူနိုက်တက်အသင်း၏  အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲများကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲကျန်တွင် အမှားအယွင်းမရှိ နိုင်ပွဲရယူပြီး  ထိပ်ဆုံးနေရာအတွက်  ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆက်လက်အားပြိုင်လျက်ရှိသည်။  

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့်   ပွဲထွက်လာသော်လည်း   ကစားသမားအင်အား အသာရထားသည့် ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစ ၁၅ မိနစ်အတွင်း နှစ်ဂိုးရခဲ့သဖြင့် ပွဲကို ထိန်းချုပ်နိုင်ခဲ့သည်။ ခုနစ်မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့်   ဘာကာယိုကို၊ ၁၅ မိနစ်တွင်    တိုက်စစ်မှူး   စအောင်ပြည့်ကိုတို့က သွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် နှစ်ဂိုးပြတ်ဦးဆောင်နိုင်သလို ဒုတိယပိုင်းအစ နှစ်မိနစ်တွင်     ရဲမင်းသူက    ထောင့်ကန်ဘောမှတစ်ဆင့်  တတိယဂိုး သွင်းယူခဲ့သည်။  ဧရာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၉၀+၃ မိနစ်တွင် ဇင်မင်းရှိုင်းက သွင်းယူခဲ့သည်။

ပွဲစဉ် ၁၇ ဒုတိယနေ့တွင် ရန်ကုန်ယူနိုက်တက်အသင်းက   သစ္စာအားမာန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရပြီး  ရခိုင်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်း နှစ်ဂိုးစီ သရေကျခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် တစ်ယောက်အထုတ်ခံရသည့်အပြင်   ဦးဆောင်ဂိုးပါပေးခဲ့ရသဖြင့် နောက်မှလိုက်ကစားခဲ့ရပြီး နောက်ကျဂိုးဖြင့် အနိုင်ရသဖြင့် နည်းပြသစ် ယုကီလက်ထက် ခြောက်ပွဲဆက်အနိုင်ရခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်တွင်   ကျင်းပသည့်  ပွဲစဉ် ၁၇ ပထမနေ့၌ ဒဂုံစတားယူနိုက်တက်အသင်းက အား/ကာ သိပ္ပံအသင်းကို   သုံးဂိုး-တစ်ဂိုး၊   ဟံသာဝတီယူနိုက်တက်အသင်းက ရာမညယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ပွဲစဉ် ၁၇ တတိယနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် Dagon Port အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ-MNL