ဝါရှင်တန်  ဖေဖော်ဝါရီ  ၁၀

နေတိုး (NATO) ကွပ်ကဲရေးဌာနနှစ်ခု၏ ကွပ်ကဲရေး အာဏာကို   အမေရိကန်ပြည်ထောင်စုမှ    နေတိုးမဟာမိတ်နိုင်ငံများသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း  အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားလိုက်သည်။

ပူးတွဲကွပ်ကဲမှုဌာန နေပယ်လ်နှင့် အမေရိကန်ပြည်ထောင်စု  ဗာဂျီးနီးယားပြည်နယ်ရှိ ပူးတွဲကွပ်ကဲမှုဌာန နော်ဖော့ခ်တို့၏  ကွပ်ကဲရေးအာဏာများကို   လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ  ၉  ရက်တွင်   အင်န်အိတ်ချ်ကေ သတင်းဌာနသို့ ပြောကြားသည်။

လတ်တလောတွင်  ပူးတွဲကွပ်ကဲမှုဌာန နေပယ်လ်ကို  အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက  ကွပ်ကဲနေပြီး ပူးတွဲကွပ်ကဲမှုဌာန နော်ဖော့ခ်ကို အမေရိကန်ရေတပ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက  ကွပ်ကဲလျက်ရှိကြောင်း သိရသည်။ ပူးတွဲကွပ်ကဲမှုဌာန နော်ဖော့ခ်တာဝန်ယူရသည့် နယ်မြေဧရိယာတွင် အမေရိကန်၊ ဗြိတိန်နှင့် နော်ဒစ်နိုင်ငံအချို့ ပါဝင်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို  နေတိုးမဟာမိတ်နိုင်ငံများအားလုံး စုပေါင်းပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့ပြင်   အဆိုပါဆုံးဖြတ်ချက်က  ဥရောပ၏ ကာကွယ်ရေးကဏ္ဍတွင် ဥရောပ၏ ဦးဆောင်မှုကို ပြသခြင်းနှင့် ဥရောပကာကွယ်ရေး စွမ်းပကားများကို မြှင့်တင်ခြင်းဖြင့်  မဟာမိတ်များကို  ပိုမိုခိုင်မာတောင့်တင်းစေကြောင်း ၎င်းက    ဆက်လက်ပြောကြားသည်။                                     

အင်န်အိတ်ချ်ကေ