မင်းဘူး ဖေဖော်ဝါရီ ၁၁

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးတွင် ယခုနှစ် ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

“မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်ကစပြီး အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါတယ်။ ဘုရားဖူးလာရောက်ကြသူတွေ ညအိပ် တည်းခိုနားနေနိုင်စေဖို့ တည်းခိုဆောင်နဲ့ ဈေးဆိုင်ခန်းတွေကို သောင်ပြင်မှာ ဆောက်လုပ်ပေးထားပါတယ်။ ဘုရားဖူးတွေအနေနဲ့ စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ် ရက်တွေမှာ လာရောက်လည်ပတ်သူတွေ ပိုများတာတွေ့ရပါတယ်။ ရပ်ဝေး၊ ရပ်နီးက ဘုရားဖူးရဟန်း ရှင်လူ မိဘပြည်သူတွေကို တည်းခိုဆောင်တွေအပြင် ဘုရားပရိဝုဏ်အတွင်းက ဓမ္မာရုံတွေမှာလည်း ညအိပ်တည်းခိုရင်း စိတ်အေးချမ်း သာစွာနဲ့ ဘုရားဖူးမြော်နိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဘုရားပွဲတော်ကြီး စတင်ဖွင့်လှစ်တဲ့နေ့ကစလို့ ဒီကနေ့အထိ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေက ကိုယ်ပိုင်ယာဉ်တွေ၊ ဘုရားဖူးယာဉ်တွေနဲ့ လာရောက်လျက်ရှိပြီး ယခင်နှစ် ကထက်စာရင် ဘုရားပွဲတော်လာ ပရိသတ်တွေ ပိုမိုများပြား စည်ကားလျက်ရှိပါတယ်” ဟု မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောကြားသည်။

 

မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့် စာရင်းဝင်ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှားကျော်ကြားပြီး ရက်အရှည်ကြာဆုံး ကျင်းပသော ဘုရားပွဲတော်ကြီး တစ်ခုဖြစ်သည်။

 

ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးကို ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်များ အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ရက်ပေါင်း ၈၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ပွဲတော်ကျင်းပစဉ်ကာလ ဘုရားဖူးများဖြင့် အထူးစည်ကားနေကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)