ပုသိမ် ဖေဖော်ဝါရီ ၁၁
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့အဝင် အဆင့်မြင့်မြေယာ ရှုခင်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်-ရန်ကုန် ကားလမ်းဘေးရှိ အဆိုပါနေရာတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဦးစွာ အဆင့်မြင့်မြေယာရှုခင်းဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေယာရှုခင်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ် အပိုင်း(၃) ဖွင့်ပွဲသို့တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားများ ပြောကြားကာ ကန်သုံးဆင့် အပန်းဖြေဥယျာဉ်အပိုင်း (၃) ကို တာဝန်ရှိ သူများနှင့်အတူ ဖဲကြိုးဖြတ်ဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့ ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတားဖွင့်ပွဲနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပုသိမ်ဆိပ်ကမ်း၌ အလျား ၃၄ ပေ x အနံ ၁၄ ပေ ရှိ ဗိုလ်မြတ်လေး သံကူကွန်ကရစ်ရေဆင်း ဆိပ်ခံတံတားနှင့် အလျား ပေ ၄၀ x အနံ ၁၄ပေ ရှိ ခရီးသည်နားနေဆောင်ဖွင့်ပွဲတို့ကို တက်ရောက်၍ အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


