နေပြည်တော် ဖေဖော်ဝါရီ ၁၁

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက် ပြန်လည်ဝင်ရောက်လာကြသူများကို လည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အဖွဲ့မှ အမျိုးသား ၁၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များသည် အတင်းအဓမ္မအကျပ်ကိုင် စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက် အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ အမျိုးသား ၁၆ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၂ လက်၊ လက်ပစ်ဗုံး ၄လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်လျှင် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်း ဖြင့် ၂ လက်အတွက် ငွေကျပ်သိန်း ၁၀၀၊ လက်ပစ်ဗုံး တစ်လုံးလျှင် ဆုကြေးငွေကျပ် ၃သိန်းနှုန်းဖြင့် ၄လုံး အတွက် ငွေကျပ် ၁၂သိန်းနှင့် အလင်းဝင်ရောက်လာသူ အားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ၁၆ ဦးအတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၁၆၀ ကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများကိုယ်စား ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ မိသားစုဝင်များကိုယ်စား အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့စနစ် တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

 

၁။ မနက်ခင်းကျတော့ ဆန်ပြုတ်တိုက်တယ်။ နေ့လယ်စာကျတော့ ငါးနီတူးတွေ ပုပ်ပွနေတဲ့ဟာတွေကို သူတို့တောင်မစားဘူး။ သူတို့ကျတော့ ကောင်းတာစားပြီး ကျွန်တော်တို့ကျ မကောင်းတဲ့ အဲဒီဟာကိုကျွေးတယ်။ လမ်းဘေးက ငှက်ပျောအူတောင်မှ ဖဲ့စားပိုင်ခွင့်မရှိဘူး။ ဘယ်ဟာမှစားပိုင်ခွင့် မရှိဘူး။ သူတို့ကျွေးတာပဲစား၊ သူတို့ခိုင်းတာပဲလုပ်၊ အဲအတိုင်းပဲ ကျွန်တော်တို့ကိုထားတယ်။ ရှေ့တန်းစစ်မြေပြင်ရောက်ပြန်တော့လည်း သူတို့ကစီနီယာသမားတွေ ဆိုပြီး ရှေ့ဦးဆောင်ပြီး တိုက်မလားဆိုပြီး ကျွန်တော်တို့ကတွေးတယ်။ ကျွန်တော်တို့က အတွေ့အကြုံ မရှိဘူးလေ။ အတွေ့အကြုံမရှိတော့ ရှေ့က စီနီယာသမားတွေကိုပဲ ကြည့်လုပ်ရမှာပေါ့။ ကျွန်တော်တို့ကို ရှေ့ကတင်တယ်။ ရှေ့ကျဘာမှ မသိဘူး။ ဘယ်ကစပြီး ဘာလုပ်ရမလဲ ကိုယ်မှနားမလည်တာ နားမလည်တော့ သူတို့ကိုအကူအညီတောင်းတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတော့ မင်းတို့သင်တန်းက သင်ပေးထားတယ် မဟုတ်ဖူးလား ပြောတယ်။ သူတို့ကနောက်ကနေပြီးတော့ အိုဗာဟတ်ထဲတို့၊ ကတုတ်ကျင်းထဲတို့မှာ သူတို့နေတယ်။ ဟိုက တက်လာပြီဆိုရင် သူတို့ပြေးပြီ။ စည်းကမ်းတွေ ဘာတွေသူတို့ကချတယ်။ ချမှတ်ပြီး သူတို့ကိုယ်တိုင်ကျ စည်းကမ်းဖောက်တယ်။ သူတို့ကိုယ်တိုင်စည်းကမ်းဖောက်ပြီး ကျွန်တော်တို့ နည်းနည်းလေးမှားပြီ၊ ရဲဘော်တွေမှားပြီဆိုရင် ပြစ်မှုပြစ်ဒဏ်နဲ့လာတယ်။ ရှေ့တန်းစစ်မြေပြင်မှာဆိုရင် မိုင်းရှင်းတွေဘာတွေသွားရင် သူတို့က နောက်ဆုံးကလိုက်တယ်။ ကျွန်တော်လည်း နီးစပ်ရာ ရဲစခန်းမှာပဲနေမယ်ဆိုပြီးတော့ ကျွန်တော်သတင်းပို့ အလင်းဝင်လိုက်ပါတယ်။ မင်းတို့အလင်းဝင်တဲ့သူတွေကို အခမ်းအနားနဲ့ပေးပြီးတော့ မိဘလက်ထဲပြန်အပ်မှာတဲ့၊ ငွေကြေးလည်း ဆုချတယ်တဲ့၊ ကျွန်တော်အလွန်ဝမ်းသာသွားပါတယ်။ ကျွန်တော့်မိဘထံ ပြန်အပ်မယ်ဆိုတော့ ကျွန်တော်အလွန်ဝမ်းသာသွားပါတယ်။

 

၂။ ကျွန်တော်တို့ ခရီးသွားရင်းနဲ့ အကြမ်းဖက် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ကျွန်တော်တို့ကို ခေါ်ဆောင်သွားပါတယ်။ ခေါ်ဆောင်သွားပြီးတော့ သူတို့အဖွဲ့အစည်းထဲကိုဝင်ဖို့ ကျွန်တော်တို့ကို အတင်းအဓမ္မ စုဆောင်းပါတယ်။ ကျွန်တော်တို့ မိသားစုတွေကိုလည်း ထောက်ပံ့ပေးမယ်လို့လည်း ပြောပါတယ်။ ကျွန်တော်တို့ကို စတင်စုဆောင်းတုန်းက ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်ကျွေးမယ်။ ကောင်းကောင်းမွန်မွန် ထားပါမယ်ဆိုပြီးတော့ စုဆောင်းခဲ့ပြီးတော့ သူတို့ဟိုရောက်တော့ ကျွန်တော်တို့ကိုဆက်ဆံပုံတွေက တစ်မျိုးဖြစ်တယ်။ ကျွေးမွေးတာတွေကစ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ကျွန်တော်တို့ အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့ အပတ်စဉ်မှာကတော့ ထွက်ပြေးတဲ့သူတွေရှိတယ်။ ပြန်မိတဲ့သူတွေလည်း ရှိတယ်။ တကယ်လို့မိခဲ့တဲ့ သူတွေဆိုလို့ရှိရင် PDF က မိတယ်ဆိုလို့ရှိရင် ထောင် ချပါတယ်။ AA ကမိတယ်ဆိုရင်တော့ သတ်ပစ်ပါတယ်။ သင်တန်းမှာတော့ ကျွန်တော်တို့ကို ခဏခဏပြောတယ်။ ညီအစ်ကိုတွေ ရဲဘော်ရဲဘက်စိတ်ထားပါ။ တကယ်တမ်း ရှေ့တန်းစစ်မြေပြင်မှာဆိုလို့ရှိရင် ကျွန်တော်တို့ကို သူတို့ကလုံးဝကို ရဲဘော်ရဲဘက်စိတ် မရှိပါဘူး။ ကျွန်တော်တို့ တိုက်ပွဲတွေတော့ နေ့စဉ်နဲ့အမျှဖြစ်ပါတယ်။ ဖြစ်နေရတဲ့အချိန်မှာ နေ့စဉ်နဲ့အမျှ တပ်မတော်ဘက်က ကျွန်တော်တို့ကို DROP ဗုံးတွေ နဲ့ တိုက်ခိုက်တယ်။ နောက်ပြီးတော့ မြေပြင်စစ် အင်အားတွေနဲ့ ထိုးလာတယ်။ အဲဒီဒဏ်တွေနေ့စဉ်နဲ့ အမျှရှိပါတယ်။ နေ့စဉ်နဲ့အမျှရှိနေတဲ့ အတွက်လည်း ကျွန်တော်တို့ကပြေးဖို့ပဲ ကြံစည်ခဲ့ပါတယ်။ ပြေးဖို့ ကြံစည်ခဲ့ပြီးတော့ ကျွန်တော်တို့ တပ်မတော်ဘက်ကို ပြေးလာတယ်။ ပြေးလာတဲ့အချိန်မှာ ကျွန်တော်တို့ကို ဒီဘက်ကနေပြီးတော့ ပျူပျူငှာငှာနဲ့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ကို မေးမြန်းတာတွေမဖြေရင် သတ်ပစ်မယ်တို့ ဘာတို့အဲလိုမျိုးတွေ ကျွန်တော်တို့ ထင်ခဲ့တာပါ။ တပ်မတော်နဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ထောက်ပံ့ဆုကြေးငွေတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဝမ်းသာပါတယ်။

 

သတင်းစဉ်