နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဟုမ္မလင်း တပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဟုမ္မလင်းတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင် တာဝန်ယူခဲ့ရသည့် အချိန်တွင် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်အကြမ်းဖက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဆူပူဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများ လျော့ပါးသွားခဲ့သော်လည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နှစ်နှစ်တာကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့မှုမရှိကြောင်း။
အလားတူ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းနှင့် မန္တလေးငလျင်ကြီးစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်အနေဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် နယ်မြေဒေသအလိုက် တပ်မတော် အရာရှိကြီး များကို သီးခြားတာဝန်များပေးအပ်ပြီး ဆောင်ရွက်ခဲ့ရာ ၆ လခန့်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
တိုင်းပြည်အခြေအနေ တိုးတက်လာသည်နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲပြီး ကျင်းပပြလုပ်ခဲ့ကြောင်း၊ ထိုသို့ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရာတွင် တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းများ မှန်ကန်စွာရရှိစေရေးအတွက်လည်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆန္ဒမဲများ ပေးရာတွင်လည်း မဲမသမာမှုများကို လုပ်ဆောင်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)များကို အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် ပြည်သူလူထုနှင့် ထိတွေ့မှုအများဆုံးရှိပြီး ပြည်သူလူထုက ယုံကြည်အားကိုးသည့် ပါတီများအနိုင်ရရှိ ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်
တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကိုဖြေရှင်း နေရသည်ကို သမိုင်းကြောင်း အထောက်အထားများအရ သိရှိနိုင်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ စစ်မြေပြင်တွင် အဆင့်မြင့် နည်းပညာများကို အသုံးချလာကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့တွင် ခေတ်နှင့် အညီ နည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့သည် ညီနောင်တပ်ဖွဲ့များအဖြစ် လက်တွဲဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တိုက်စွမ်းအားနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ယှဉ်နိုင်သည့် တပ်မတော် ဖြစ်စေရေး တပ်မတော် (ရေ)နှင့် တပ်မတော် (လေ)တို့ရှိ ရေယာဉ်၊ လေယာဉ်များအား အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဖြည့်တင်းဆောင်ရွက်ခြင်းနှင့် တပ်မတော် (ကြည်း) အတွက် လိုအပ်သည့် ယာဉ်ယန္တရားများ၊ လက်နက် အသုံးအဆောင်ပစ္စည်းများ၊ ခေတ်နှင့်လျော်ညီသည့် စစ်ဘက်နည်းပညာများအား အဆင့်မြှင့်တင် ဖြည့်ဆည်းခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်မှ ဖြည့်ဆည်းပေးထားသော တိုက်စွမ်းအားနှင့် ခေတ်မီလက်နက် နည်းပညာများကို အပြည့်အဝ အသုံးချနိုင်ရေး စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်ရန်လိုကြောင်း၊ ထို့ကြောင်စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်အောင် အမြဲလေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြောင်းလဲလာသည့် စစ်အတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများကို အမြဲလေ့လာနေရမည်ဖြစ်ပြီး စစ်မြေပြင်တွင် လက်တွေ့အသုံးချနိုင်ရန်လိုကြောင်း၊ အလားတူ မိမိတို့ အသုံးပြုရသည့် စစ်အသုံးအဆောင်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးချနိုင်ရေး အမြဲလေ့ကျင့် နေကြရန်လိုကြောင်း၊ ခေတ်သစ်စစ်နည်းဗျူဟာများကို အမြဲလေ့လာပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် စစ်နည်းဗျူဟာများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင် ဖြစ်ပျက်ပြောင်းလဲနေသည့် အခြေအနေများအလိုက် တပ်မတော်အနေဖြင့် ပြောင်းလဲမှုများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာပေးမှုများ၊ သုတေသနပြုမှုများကို အမြဲဆောင်ရွက်သွား ကြရန်လိုကြောင်း၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး စွမ်းရည်ရှိသည့် တပ်မတော်သားများ လိုအပ်သဖြင့် စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်
စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ထက်ဝက်ခန့်မှာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ကြပြီး အဆိုပါလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း၊ ထို့ကြောင့် ကျေးလက်ကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများ တိုးတက်လာစေရေး မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်ခြင်းကြောင့် တစ်နိုင်ငံလုံး၏ ပညာရေးကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို တစ်နိုင်ငံလုံး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်မှုကို များစွာအထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း။
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ အားလုံးက အမှန်တကယ် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်သည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရန်လိုကြောင်း၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများကို အပြည့်အဝ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များ ပိုမိုရရှိလာမည်ဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြစေလိုကြောင်း၊ သို့မှသာဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်နှင့်တပ်မတော်၏အကျိုးကို တတ်နိုင်သမျှ အကောင်းဆုံးထမ်းဆောင်
တပ်မတော်သားများအနေဖြင့် မိမိတို့တစ်ဦး ချင်းထမ်းဆောင်ရသည့် တာဝန်များအလိုက် ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သား များအားလုံးအနေဖြင့်လည်း မိမိတို့ကို ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် တာဝန်ကျေပွန်ရမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်ရမည့် တာဝန်များကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်ခြင်း အားဖြင့် တပ်မတော်၏အရည်အသွေး၊ တပ်မတော်၏ အဆင့်အတန်းကို ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများ၏ဘဝ တိုးတက်စေရေးအတွက်လည်း ပညာရေးအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က အားထားရသော လူသားအရင်းအမြစ်များဖြစ်စေရေးအထိ မျှော်မှန်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့သားသမီးများ၏ ဘဝအတွက်သာမက နိုင်ငံတော်၏ အကျိုးအတွက်ပါ ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံးအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏အကျိုးကို တတ်နိုင်သမျှ အကောင်းဆုံးထမ်းဆောင်သွားကြရန်နှင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အင်ပြည့်အားပြည့်ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ဇနီးက လည်းကောင်း လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်


