နေပြည်တော် ဖေဖော်ဝါရီ ၁၅

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Energetic Alliance Petroleum Products Co., Ltd. နှင့် Hein Engineering Co., Ltd. တို့၏ စက်ဆီချောဆီ ရောစပ်စက်ရုံနှင့် သီလဝါအထူး စီးပွားရေးဇုန်ရှိ Pacific-PSP Syntech Co., Ltd. ၏ စက်ဆီ ချောဆီ ရောစပ်စက်ရုံများကို သွားရောက်၍ ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ စက်ဆီချောဆီ ရောစပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် စက်ရုံ အသီးသီးမှ တာဝန်ရှိသူများက ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်း၍ ပြည်တွင်း၌လိုအပ်နေသော စက်ဆီချောဆီအမျိုးမျိုး ရောစပ် ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်နေမှု၊ စက်ဆီချောဆီ အမျိုးအစားများအလိုက် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များရယူဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက စက်ဆီချောဆီ အရည်အသွေးမပြည့်မီမှုသည် လယ်ယာ နှင့် စက်မှုကဏ္ဍသုံး စက်ပစ္စည်း၊ ယန္တရားများ၊ မော်တော်ယာဉ်များ၏ စွမ်းဆောင်ရည်နှင့် ရေရှည် အသုံးပြုနိုင်မှုအပေါ် ထိခိုက်မှုများစွာ ရှိလာမည်ဖြစ်သဖြင့် စက်ဆီ ချောဆီများ၏ အရည်အသွေးပြည့်မီရေးသည် အရေးကြီးပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများ မှာယူရာတွင် အရည်အသွေး မှန်ကန်မှုဆိုင်ရာ အထောက်အထား၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များနှင့် အတူ စနစ်တကျ စာချုပ်ချုပ်ဆို ဝယ်ယူရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှတင်သွင်းလာသည့် ကုန်ကြမ်း ပစ္စည်းများအပေါ် သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများအား စနစ်တကျသိုလှောင်ခြင်း၊ ရောစပ် ထုတ်လုပ်ရာတွင် အတည်ပြုထားသောFormula နှင့်အညီ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်သည့် ကုန်ချောများ၏ အရည်အသွေးတစ်သမတ်တည်း ဖြစ်စေရေး စစ်ဆေးကြပ်မတ်သွား ရန်လိုအပ်ကြောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီ မှုရှိစေရေး ဓာတ်ခွဲခန်းတွင် အလေးထား စစ်ဆေးကြသည့် အတွက် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း များ၏ အရည်အသွေးနှင့်စံ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ကြရန် လိုကြောင်း။

အရည်အသွေး ပြည့်မီသော စက်ဆီချောဆီများကို သုံးစွဲသူ ပြည်သူများလက်ဝယ်သို့ သင့်တင့် သောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန် လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သုံးစွဲသူပြည်သူများ အာမခံချက်ရှိစေရေးအတွက် ကုန်ချောများအပေါ် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်များရရှိရေး ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိ လာစေမည်ဖြစ်ပါကြောင်း၊ စက်ရုံနှင့် ပတ်ဝန်းကျင် အမြင်တင့်တယ် သန့်ရှင်းသာယာ လှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအမံများ စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး စက်ရုံများအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်ချက်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်