စစ်တွေ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ဆေးသမားကြီး IDP စခန်းတွင် အဆောက်အအုံများနှင့် ရေတုံကင်များတပ်ဆင် ပြီးစီးမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ဦးစွာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး တာဝန်ခံက ဆေးသမားကြီး IDP စခန်းတွင် သစ်တိုင်၊ထရံကာ၊ သွပ်မိုးဖြင့် အလျား ၄၅ ပေ၊ အနံပေ ၃၀ အဆောက်အအုံ ၁၈ လုံး ဆောက်လုပ်ခြင်း၊ ရေတုံကင် ၁၈ လုံး တပ်ဆင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက အဆောက်အအုံများနှင့် ရေတုံကင်များ တပ်ဆင်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် စခန်းအတွင်းရှိ ပြည်သူများ ပြန်လည် နေရာချထားမည့် အစီအမံများကို ဖြည့်စွက်ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများမှ ဦးဆောင်ကာ စနစ်တကျ နေရာချထားနိုင်ရေး၊ မီးဘေး လုံခြုံရေးအတွက် အသိပညာပေး ဟောပြောနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများ စနစ်တကျ စီမံထားရှိနိုင်ရေး အလေးပေး ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စခန်းအတွင်း အဆောက်အအုံများ ဆောက်လုပ် ပြီးစီးမှု၊ ရေတုံကင်များ တပ်ဆင် ပြီးစီးမှုနှင့်ရေရရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)