တိုကျို ဖေဖော်ဝါရီ ၁၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆုတို့က ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ တွေ့ဆုံခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးတို့က နိုင်ငံတကာလုံခြုံရေးညီလာခံသို့ တက်ရောက်ရန် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသည်။
လာမည့်လတွင် ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအဲ၏ အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်မည့် ခရီးစဉ်နှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးတို့က ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံ၏ ခိုင်မာသော မဟာမိတ်ဆက်ဆံရေးကို ပြန်လည်အတည်ပြုရန် အခွင့်အလမ်းဖြစ်ကြောင်းလည်း ဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု တည်ထောင်မှု အထိမ်းအမှတ်နှစ် ၂၅၀ ပြည့် နှစ်ပတ်လည်နေ့နှင့် “လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်” အစီအစဉ်၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နှစ်နိုင်ငံ မဟာမိတ်သမိုင်း စာမျက်နှာသစ်ဖွင့်ရန် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆု က ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် အကောက်ခွန်ဆိုင်ရာ ညှိနှိုင်းမှုများတွင် သဘောတူညီထားသည့် အစီအမံများကို အကောင်အထည်ဖော်ကာ အရေးကြီးသော ဓာတ်သတ္တုများနှင့် အခြားပစ္စည်းများ ထောက်ပံ့ မှုရရှိရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို အောင်မြင်ရန် မိတ်ဖက်နိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့က ကတိပြုခဲ့သည်။ အလားတူ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆုက ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖူနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝန်ကြီးနှစ်ဦးက ခိုင်မာသော ထောက်ပံ့ရေး ကွင်းဆက်များတည်ဆောက်ရန် အရေးကြီးကြောင်းနှင့် တရားဥပဒေ စိုးမိုးမှုအပေါ် အခြေခံ၍ လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာအမိန့်ကို ထိန်းသိမ်းခိုင်ခံ့ စေရန်လိုအပ်ကြောင်း ထပ်လောင်းအတည် ပြုခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


