ဝါရှင်တန် ဖေဖော်ဝါရီ ၁၅

 

အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်သည် ဗင်နီဇွဲလားသမ္မတ မာဒူရိုဖယ်ရှားခံရပြီး နောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်မှုအောက်တွင် အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်က ဗင်နီဇွဲလား၏ ယာယီသမ္မတ ဒယ်လ်ဆေ ရိုဒရီဂွက်ဇ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဗင်နီဇွဲလား သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာပါဝင်ရန် အမေရိကန်၏ ရပ်တည်ချက်ကို အမေရိကန်စွမ်းအင်ဝန်ကြီး ခရစ်ရိုက်က အလေးပေးပြောကြားခဲ့သည်။

 

နှစ်နိုင်ငံပြည်သူများ အတူတကွ ပူးပေါင်းလုပ်ဆောင်ပါက ဗင်နီဇွဲလားနိုင်ငံအတွင်း ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် သိသိသာသာ တိုးမြင့်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံအနေဖြင့် မတူကွဲပြားမှုများကို သံခင်းတမန်ခင်း လမ်းကြောင်းမှတစ်ဆင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ပါကြောင်း ဗင်နီဇွဲလားယာယီသမ္မတ ရိုဒရီဂွက်ဇ်က ပြောကြားခဲ့သည်။

 

ဗင်နီဇွဲလားသည် ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများနှင့် အခြားအချက်များကြောင့် ၎င်း၏ရေနံထုတ်လုပ်မှု လျော့ကျလျက်ရှိသည်။ ထုတ်လုပ်မှုတိုးချဲ့ရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုလိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

 

အမေရိကန်သမ္မတ ထရမ့်အစိုးရက ရေနံဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို ကြိုးပမ်းရှာဖွေလျက် ရှိသည်။ ဗင်နီဇွဲလား ရေနံဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်