မော်လမြိုင် ဖေဖော်ဝါရီ ၁၅

လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းကို ဖြေရှင်းနိုင်ရန်နှင့် နောက်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်ရန် ဆောင်ရွက်မည့် စံပြလုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်၍ ပြည်နယ် လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်‌နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဝိုင်းဝန်းဆွေးနွေး

အစည်းအဝေးတွင် မွန်ပြည်နယ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြည်နယ်အဆင့် လုပ်ငန်း ကော်မတီများအနေဖြင့် စံပြု လုပ်ထုံးလုပ်နည်းများ (SOP)ပါ သတ်မှတ်ချက်များနှင့် အညီ လုပ်ငန်းတာဝန် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ လူဦးရေတိုးတက်လာခြင်း၊ စီးပွားရေးအဆောက်အအုံများ တိုးတက်လာခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူများ အကျိုးစီးပွားအလို့ငှာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ အတွက် မြို့ပြစီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းစီမံကိန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းများအတွက် အသုံးပြုရန်မြေနေရာ လိုအပ်ပါကလည်း (SOP)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အနာဂတ် အသုံးပြုမှုစီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လုပ်ငန်း ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ပြည်နယ်မှူးက လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းကို ဖြေရှင်းနိုင်ရန်နှင့် နောက်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ အဆင့်ဆင့်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

အမှာစကားပြောကြား

ယင်းနောက် တက်ရောက်လာ ကြသည့် ပြည်နယ်လုပ်ငန်း ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး မွန်ပြည်နယ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)