ဒေါက်တာလပြည့်ခင်
မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးလာသော ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံပိုင်စက်ရုံလုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသလို တစ်ချိန်တည်းမှာပင် ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဓာတုပစ္စည်းများ အသုံးပြုမှုမှာလည်း လွန်စွာများပြားလာပြီး ထိုဓာတုပစ္စည်း အသုံးပြုသည့် စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်သော စွန့်ပစ်ပစ္စည်းထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း နိုင်ငံတော်၏ ရေထု၊ မြေထု၊ လေထု အပါအဝင် သဘာဝပတ်ဝန်းကျင် တစ်ခုလုံးကို ထိခိုက်ပျက်သုဉ်းမှုနှင့် ညစ်ညမ်းမှုများ မဖြစ်စေရေး အတွက် အလေးထား၍ ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်ညစ်ညမ်းနိုင်သည့် ကိစ္စများကို စနစ်တကျ စီမံဆောင်ရွက်ထားမှသာ သာယာလှပသော နိုင်ငံတော်ကြီးကို ရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆက်စပ်မှု
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုသည် စက်မှုနည်းပညာဖွံ့ဖြိုးမှုနှင့် ဆက်နွှယ်လျက်ရှိသည်မှာ လူသားတိုင်း သိထားကြပြီးဖြစ်သည်နှင့်အညီ နည်းပညာဖွံ့ဖြိုးလာသည်နှင့် အမျှ သဘာဝအရင်းအမြစ်နှင့် သယံဇာတပစ္စည်းများအား ထုတ်ယူသုံးစွဲမှု များပြားလာခြင်းနှင့်အတူ စွန့်ပစ်ပစ္စည်း စွန့်ထုတ်မှုများလည်း များပြားလာသောကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးခြင်းတို့ ဖြစ်လာရပါသည်။
ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများနှင့် သစ်တော ပြုန်းတီးမှုများ၊ အန္တရာယ်ရှိသော ဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ အများအပြားစွန့်ထုတ်မှုများဖြစ်ပေါ်လာကာ ကမ္ဘာကြီးပူနွေးမှု၊ ရေခဲတောင်များအရည် ပျော်မှု၊ ကမ္ဘာ့အိုဇုန်းလွှာပါးလွှာပျက်စီးမှုနှင့် ကမ္ဘာ့လေထုအတွင်း အောက်ဆီဂျင်နည်းပါးလာမှု စသည့်ဖြစ်ရပ်များပါ နောက်ဆက်တွဲ ရလဒ်များအဖြစ် ဖြစ်ပေါ်လာပါသည်။ နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည့် စက်မှု ကဏ္ဍမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများ၊ လေလွင့်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်မှာ အလွန်အရေးကြီးလှသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် ကမ္ဘာပေါ်ရှိ လူသားတိုင်း၊ နိုင်ငံသားတိုင်း မလွဲမသွေဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ဖြစ်လာပါသည်။
ဓာတုပစ္စည်းအသုံးပြုစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအသုံးပြု၍ လုပ်ငန်း လည်ပတ်ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်သော အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများသည် လူသားတို့ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို အနည်းနှင့်အများ ထိခိုက်စေ နိုင်ပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတို့အား အန္တရာယ်ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်းများကို စနစ်တကျထိန်းသိမ်း စွန့်ပစ်ခြင်းသည် အလေးထားဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ် ဖြစ်သည်နှင့်အညီ စက်မှုဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများအား စနစ်တကျ ထိန်းသိမ်းစွန့်ပစ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးကာ ဆိုးကျိုးမဖြစ်ပေါ်စေသော ခေတ်မီဖွံ့ဖြိုးသည့် နည်းပညာသုံးစက်မှုလုပ်ငန်းများ ပေါ်ထွန်း အောင် အားပေးမြှင့်တင်သွားရမည်ဖြစ်ပြီး စွမ်းအင်သုံးစွဲရာတွင်လည်း စွမ်းအင်ထိရောက်စွာ အသုံးချနိုင်ရေး၊ စွမ်းအင်လေလွင့်ပြုန်းတီးမှု မရှိစေသည့် Energy Saving, Energy Conservation လုပ်ထုံးလုပ်နည်း များကို ကျင့်ကြံလိုက်နာရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ဖော်ထုတ်သုံးစွဲရေးတို့ကို အားပေးသွားရမည်ဖြစ်ပါသည်။
အစိမ်းရောင်စက်မှုလုပ်ငန်းများဖြစ်ပေါ်ရေး
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမဖြစ်စေဘဲ သာယာဝပြောသည့် စက်မှုနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်မည့် အစိမ်းရောင် စက်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး၊ ပိုမိုသန့်ရှင်းသော ထုတ်လုပ်မှု ဖြစ်စေသည့် သယံဇာတအရင်းအမြစ် အသုံးချမှု ပိုမိုထိရောက်စေရေး၊ စွန့်ပစ်ပစ္စည်း၊ ရေဆိုးနှင့်ထုတ်လွှတ်အခိုးအငွေ့များ အနည်းဆုံးဖြစ်စေရေး၊ ၎င်းတို့၏ ဆိုးကျိုးသက်ရောက်မှုမှ ကာကွယ်မှုများပြုလုပ်ရေး၊ ကောင်းမွန်သန့်ရှင်းသောသဘာဝနှင့် လူ့ပတ်ဝန်းကျင်ကိုထိန်းသိမ်း ထားရှိရေးတို့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ထုတ်လုပ်သည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘက်စုံမဟာဗျူဟာများဖြင့် စဉ်ဆက်မပြတ် အသုံးချဆောင်ရွက်သွား ရပါမည်။ အသစ်တည်ဆောက်မည့် စက်မှုလုပ်ငန်းများတွင်လည်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ကို ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားပါက အနာဂတ်တွင် Clean Production ဖြင့် တိုးတက်သည်ထက် ပိုမိုတိုးတက်လာမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)တွင် စက်မှုကဏ္ဍ၏ ပါဝင်မှုအချိုးမြင့်တက်လာပြီး နိုင်ငံတော်၏အကျိုးစီးပွားကို စက်မှုကဏ္ဍက ဦးဆောင်သွားနိုင်သော အခြေအနေသို့ ရောက်ရှိရေး၊ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်အတွင်းသို့ ဦးတည်ရာလမ်းကြောင်းမှန်ကန်စွာဖြင့် ဝင်ရောက်နိုင်ရေး၊ ခေတ် ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်လာမည့် စီးပွားရေးပတ်ဝန်းကျင်နှင့် ဒေသတွင်းလိုအပ်ချက်များအရ ရည်မှန်းချက်နှင့် မူဝါဒများကိုလည်း လိုအပ်သလို ပြင်ဆင်ခြင်းအားဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာ ရေးတို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော စက်မှုကဏ္ဍတစ်ရပ်ကို ဖော်ဆောင်သွားနိုင်ရာတွင် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်ပျက်စီးမှု မဖြစ်စေသည့် အစိမ်းရောင်စက်မှုလုပ်ငန်းများတည်ထောင်၍ သာယာဝပြောသည့် စက်မှုနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
6Rs အသုံးပြုပေး
သက်ရှိများအတွက် နေမှလာသော Cosmic Ray ထဲမှ ခရမ်းလွန် ရောင်ခြည်ကို ထီးသဖွယ်ကာကွယ်ပေးထားသည့် အိုဇုန်းလွှာကို ဆက်လက်တည်တံ့စေရေး၊ ပေါက်ပြဲမှု မဖြစ်စေရေးတို့အတွက် လျှပ်စစ်ပစ္စည်း လူသုံးကုန်များတွင် တားမြစ်ထားသည့် Freon gas ကဲ့သို့ အအေးပေးဓာတ်ငွေ့များမပါရှိမှသာ ကမ္ဘာကြီးပူနွေးလာမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော White Pollution ဟု သတ်မှတ်ထားသည့် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ သုံးစွဲမှု လျှော့ချခြင်း (Reduce)၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျခွဲခြား၍ ပြန်လည်အသုံးပြုခြင်း (Reuse)၊ အသစ်တစ်ဖန် ပြန်လည်သုံးစွဲရန် ဆောင်ရွက်ခြင်း (Recycle)၊ စားသုံးသူများက ၎င်းတို့မနှစ်သက်သော လူသုံးကုန်ပစ္စည်းများကို ငြင်းပယ်ခွင့်ရှိခြင်း (Refuse)၊ စားသုံးသူ များ၏ ကုန်ပစ္စည်းသုံးစွဲမှု ပုံသဏ္ဌာန်ကို ပြန်လည်စဉ်းစားသုံးသပ်စေ ခြင်း (Rethink)၊ ကုန်ပစ္စည်းများကို စားသုံးသူမှ အလွယ်တကူပြုပြင်နိုင်သည့် ဒီဇိုင်းပုံစံပြုလုပ်စေခြင်း (Repair) စသည့် 6Rs လုပ်ငန်းများကို ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။
ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ ဆိုးကျိုးများကြောင့် ပိုမို သန့်စင်သော ထုတ်လုပ်မှုနည်းစဉ်များသုံးခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်စေခြင်း၊ စွမ်းအင်စီမံခန့်ခွဲခြင်းနှင့် သိုမှီးခြင်း၊ ပုံစံမျိုးစုံတွင်ပါဝင်သော စွမ်းအင်ထိရောက်မှုနည်းပညာအသစ်များ ရှာဖွေခြင်း၊ အစားထိုး ပစ္စည်းအသစ်များသုံးစွဲခြင်း၊ စက်လည်ပတ်မှုဆိုင်ရာ နည်းပညာအသစ် များရှာဖွေခြင်း၊ အသစ်ပြန်ဖြစ်နိုင်သော စွမ်းအင်အသုံးပြုမှုများနှင့် ပြန်လည်ဖြည့်စွမ်းနိုင်ပြီး ရေရှည်ဖွံ့ဖြိုးသော သယံဇာတများအပေါ် ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်းတို့သည် ကုန်ထုတ်စွမ်းအား တိုးတက် မှု၊ ကုန်ပစ္စည်းမျိုးစုံ ပိုမိုထုတ်လုပ်နိုင်မှုအပေါ်တွင် များစွာအထောက် အကူဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပါသည်။
နိုင်ငံတော်သာယာရေးနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
နိုင်ငံတော်သာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးတို့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံလွှတ်တော်ကလည်း “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ” ကို ၃၀-၃-၂၀၁၂ ရက်နေ့တွင် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ပတ်ဝန်းကျင်အရည်အသွေးများကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ လူသားတို့ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက်များဖြစ်သည့် မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့အပါအဝင် တိရစ္ဆာန်၊ အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်အလက်များနှင့် သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒ၊ အလှအပဆိုင်ရာများပါဝင်သော သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရေးအတွက်နှင့် လူတို့ဖန်တီးပြုလုပ်ထားသော ပစ္စည်းများပါဝင်သည့် သဘာဝ၏ ဟန်ချက်ညီမှုတို့သည် ပတ်ဝန်းကျင်အရည်အသွေးများဖြစ်ပါသည်။
အဆိုပါပတ်ဝန်းကျင်အရည်အသွေးများ တည်တံ့ရေးအတွက် စက်မှုလက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်ရေး၊ စွန့်ပစ်ပစ္စည်းများလျှော့ချရေး၊ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားရေးတို့ကို တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်သွားရပါမည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ် (UNEP) အရ သန့်ရှင်းသော ထုတ်လုပ်မှု အစီအစဉ်ဖြစ်စေရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ကြရန်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ညစ်ညမ်းမှုတားဆီးရေး ဆိုင်ရာ ရေထုလေထုထိန်းချုပ်ရေးလုပ်ငန်း
စက်မှုဝန်ကြီးဌာနကလည်း စက်ရုံအလုပ်ရုံများ ရေထုနှင့် လေထုအတွင်း ကျရောက်နိုင်သည့်စွန့်ပစ်ပစ္စည်းများဖယ်ရှားခြင်း၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ညစ်ညမ်းမှု တားဆီးရေးတို့အတွက် ရေထု လေထုထိန်းချုပ်ရေးလုပ်ငန်းများကို တာဝန်တစ်ရပ်အဖြစ် ခံယူ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတွက် စက်ရုံအလုပ်ရုံများမှ လိုအပ်သော အချက်အလက်များဖြစ်သည့် စက်မှုလုပ်ငန်းအမျိုးအစား၊ စက်ရုံအမည်၊ တည်နေရာအနေအထား၊ ထုတ်လုပ်သည့်ကုန်ပစ္စည်း အမျိုးအစား၊ ထုတ်လုပ်မှုပမာဏ၊ ထုတ်လုပ်မှုနည်းစဉ်၊ ထုတ်လုပ်မှု နည်းစဉ်တစ်ခုစီမှ စွန့်ပစ်ပစ္စည်းအမျိုးအစားနှင့်ပမာဏ၊ နေ့စဉ် ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း(အရည်၊ အငွေ့)ပမာဏ၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်သည့်နေရာနှင့် နည်းလမ်း၊ မည်သည့်စွန့်ပစ်ပစ္စည်းမဆို စွန့်ပစ်ခြင်းမပြုမီ ပြုပြင်မှုပြုလုပ်ခြင်း၊ အသုံးပြုမည့် လောင်စာအမျိုးအစားနှင့် ပမာဏနှင့် လွယ်ကူရှင်းလင်းပြီး တိကျသေချာသည့် ပုံစံတို့ကို ပြုစုထားရှိရန် လိုအပ်ပါသည်။
ဓာတုပစ္စည်းများ စနစ်တကျစီမံခန့်ခွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
အစစအရာရာ တိုးတက်ထွန်းကားနေသည့် ယနေ့ခေတ်တွင် ကုန်ထုတ်လုပ်ငန်းများ၌ ကုန်ကြမ်းအဖြစ်အသုံးပြုနေကြသော ဓာတုပစ္စည်းအရေအတွက်မှာ အများဆုံးဖြစ်နေပြီး စားသုံးသူ လက်ဝယ်သို့ တိုက်ရိုက်ရောက်သော လူသုံးကုန်ဓာတုပစ္စည်းများမှာ အနည်းငယ်သာရှိပါသည်။ ကမ္ဘာတစ်ဝန်းတွင် ဓာတုပစ္စည်းအမျိုးအစားများမှာ နှစ်စဉ်တိုးပွားလျက်ရှိရာ ယခုအခါ ဓာတုပစ္စည်းအမျိုးအစား ပေါင်းများစွာရှိနေပြီး ၎င်းနှင့်ဆက်နွှယ်နေသော ဘေးအန္တရာယ်များမှာလည်း များသည်ထက်များပြားလာနေပါသည်။
ကမ္ဘာတစ်ဝန်းရှိ ကုန်ထုတ်လုပ်ငန်းခွင်များတွင် ဓာတုပစ္စည်းများကြောင့် သေဆုံးရမှုများ သုံးသိန်းနီးပါးခန့် ရှိနေပါသည်။ သို့သော် စားသုံးသူများအနေဖြင့် ဓာတုပစ္စည်းများ၏ ကောင်းကျိုး၊ ဆိုးကျိုးကို အလွယ်တကူ သိရှိနိုင်ရန်ခက်ခဲပြီး ကာကွယ်တားဆီးနိုင်ရန်အတွက် ကုန်ကျမှုစရိတ်မှာလည်း အလွန်များပြားလှပါသည်။ ထို့ကြောင့် ဓာတုပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲရေး၊ ဘေးအန္တရာယ်ကင်းရှင်း စွာထုတ်လုပ်ရေး၊ သိမ်းဆည်းသိုလှောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လွဲမှားစွာ အသုံးမပြုရေးတို့အတွက် လူတိုင်းတွင်တာဝန် ကိုယ်စီရှိကြောင်း သိရှိပြီး ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသာယာဝပြောရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကပါဝင်ဆောင်ရွက်နေသည့် စက်မှုဝန်ကြီးဌာနအနေဖြင့် “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ” ထုတ်ပြန်ခဲ့ပြီး လိုအပ်သည့် ဗဟိုဦးစီးအဖွဲ့၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြီးကြပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်း၍ ကန့်သတ်ဓာတုပစ္စည်း အမျိုးအစားပေါင်း ၈၀ ၊ တားမြစ်ဓာတုပစ္စည်း ၁၃၈ မျိုးနှင့် လိုအပ်သလို အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်၍ ထိန်းချုပ်ကွပ်ကဲခဲ့ပါသည်။
ထို့ပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်များ ထုတ်ပေးခြင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ရာလုပ်ငန်း လိုင်စင်၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် သက်ရှိများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များကို ကာကွယ်နိုင်ရန်အတွက် “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်း ဆိုင်ရာအမိန့်” အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများဆိုင်ရာ စွန့်ပစ်ခြင်းလုပ်ငန်းလိုင်စင်နှင့် စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်တို့ ထုတ်ပေးခြင်းဖြင့် စိစစ် ထိန်းချုပ်ကွပ်ကဲလျက်ရှိပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်သာယာစေရေးတွင် အဓိကကျသည့်စက်မှု လုပ်ငန်းများသည် ကောင်းကျိုးနှင့်ဆိုးကျိုးပေးနေသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မဖြစ်မနေထည့်သွင်း အသုံးပြုနေရပြီး ယင်းတို့မှထွက်လာသည့် စွန့်ပစ်ပစ္စည်းများသည် သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်စေလျက်ရှိသည်။ ထို့ကြောင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းသုံးစွဲသူများအနေဖြင့် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းကို ဤလုပ်ထုံးလုပ်နည်း၊ မြို့တော်စည်ပင်သာယာရေး ကော်မတီက ပြဋ္ဌာန်းထားသော ရေပေးရေးနှင့် အညစ်အကြေးသန့်ရှင်း ရေးဆိုင်ရာ နည်းဥပဒေများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် စေခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးရေညစ်များကို မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တူးမြောင်း၊ ရေတွင်းနှင့် ရေကန်များသို့ တိုက်ရိုက်စွန့်ပစ် မှုမပြုစေခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေရေးနှင့် အိုဇုန်းလွှာပျက်စီးခြင်းမှ ကာကွယ်ရန် နည်းလမ်းများကိုဆောင်ရွက်စေခြင်း၊ စွန့်ပစ်ပစ္စည်းများကို စွန့်ပစ် သည့်ပမာဏအား လျှော့ချခြင်း၊ ထပ်မံအသုံးပြုခြင်းနှင့် စွမ်းအင်အဖြစ် ပြန်လည်အသုံးပြုခြင်းတို့ကို ဆောင်ရွက်စေခြင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အန္တရာယ်ကင်းရှင်းရေးအတွက် စွန့်ပစ်ပစ္စည်းသန့်စင် သည့်စနစ်များကို ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ လိုအပ် ပါက အထူးစစ်ဆေးခြင်းတို့ကိုခံယူခြင်းနှင့် မှတ်တမ်းထိန်းသိမ်းထား ရှိစေခြင်း၊ လုပ်ငန်းရှင်သည် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာခြင်းမရှိသည့်အတွက် အန္တရာယ်ဖြစ်ပွားပါက ယင်းဖြစ်ပွားမှု များကို တာဝန်ယူစေခြင်း၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ လုပ်ငန်းလုပ်ကိုင်သူများသည် မီးလောင်ပေါက်ကွဲခြင်း၊ ပတ်ဝန်းကျင်သို့ မလိုလားသည့် အနေအထားဖြင့် ပျံ့နှံ့ခြင်းမဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်လာပါက အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သလို ညွှန်ကြား၍ကြီးကြပ်ဆောင်ရွက်ရပါမည်။
လုပ်ငန်းခွင်တွင် မတော်တဆဖြစ်ပွားမှုမှကာကွယ်ရန်နှင့် လျော့ပါးစေရန်အတွက် အလုပ်လုပ်ကိုင်နေသူများ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကိုကာကွယ်ရေးတို့အတွက် ထိရောက်သော ထိန်းချုပ်မှုပြု၍ လူဦးရေအနည်းဆုံးဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရန်နှင့် မဖြစ်မနေ ထိတွေ့ဆောင်ရွက်ရန်လိုအပ်သည့်အချိန်နှင့် ထိတွေ့ရမည့် အန္တရာယ်ရှိ ပစ္စည်းများ၏ အနည်းဆုံးပမာဏဖြစ်စေရန် ကန့်သတ်ဆောင်ရွက်စေခြင်း စသည်ဖြင့် လိုက်နာဆောင်ရွက်စေ လျက်ရှိပါသည်။
ထို့ပြင် ဤဥပဒေအရ ညစ်ညမ်းသည့်စွန့်ပစ်ရေများကို စနစ်တကျ စွန့်ထုတ်နိုင်ရန်အတွက် “အရက်၊ ဘီယာနှင့် ဝိုင်ထုတ်လုပ် သည့်စက်ရုံများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်”၊ “အမိုးနီးယား ဓာတ်ငွေ့အသုံးပြုသော ရေခဲစက်ရုံများနှင့် အအေးခန်းစက်ရုံများမှ လိုက်နာဆောင်ရွက်ရန်”၊ “ရွှေသတ္တုထုတ်လုပ်သန့်စင်ရာတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုက်နှင့် ပြဒါးဓာတုပစ္စည်းများ ပြည်ပမှ ဝယ်ယူတင်သွင်းခွင့်ဆိုင်ရာမူဝါဒ”၊ “ရွှေသတ္တုထုတ်လုပ်သန့်စင်ရာတွင် ဆိုဒီယမ်ဆိုင်ယာနိုက်နှင့် ပြဒါးဓာတုပစ္စည်းများ အသုံးပြုခြင်း နှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ” ကို ထုတ်ပြန်သတိပေး နိုင်ခဲ့ပါသည်။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ပြုလုပ်ထားသည့် စက်ရုံအလုပ်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်ရေဆိုး၊ အမှုန်အမွှားနှင့် မြေဆီလွှာပျက်စီးမှုတို့ကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် နည်းပညာအကူအညီနှင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပေးလျက်ရှိပြီး အရက်ချက်နှင့် ဘီယာစက်ရုံကြီးများ၌ စွန့်ပစ် ရေအရည်အသွေးကို အချိန်နှင့်တစ်ပြေးညီ တိုင်းတာစောင့်ကြပ် ကြည့်ရှုသည့်စနစ်တပ်ဆင်စေ၍ ထိန်းချုပ်ကွပ်ကဲခြင်းနှင့် ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ထောက်ခံချက်၊ လိုင်စင်နှင့် မှတ်ပုံတင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် အသိပညာပေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွမ်းအင်အကျိုးရှိထိရောက်စွာအသုံးပြုရေး
စက်မှုဝန်ကြီးဌာနက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် စွမ်းအင်ခြိုးခြံ သုံးစွဲနိုင်ရေးအတွက် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ၏စွမ်းအင်အကျိုးရှိ ထိရောက် စွာသုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ် (National Energy Efficiency and Conservation Policy, Strategy and Roadmap) ကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါမူဝါဒတွင် ၂၀၁၂ ခုနှစ်၏ စွမ်းအင်သုံးစွဲမှုကို အခြေခံ၍ ၂၀၃၀ ပြည့်နှစ်တွင် စွမ်းအင်သုံးစွဲမှု ၂၀ ရာခိုင်နှုန်း လျှော့ချရန်ဟူသော ရည်မှန်းချက်များကိုချမှတ်ခဲ့ပြီး စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးလုပ်ငန်းကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်၍ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်း ရေးဥပဒေ(မူကြမ်း)ကို သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲလျက်ရှိပြီး မကြာမီထုတ်ပြန်သွားရန်ရှိပါသည်။
စွမ်းအင်ကိုအကျိုးရှိထိရောက်စွာသုံးစွဲခြင်းဖြင့် စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံ၏ စက်ရုံ အလုပ်ရုံများတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များ သက်သာနိုင်စေရန်၊ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန်နှင့် စွမ်းအင်သုံးစွဲရာမှထွက်ပေါ်လာမည့် ကာဗွန်ဒိုင်အောက်ဆိုက်(CO2) ကဲ့သို့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသည့် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုကိုလျှော့ချနိုင်စေရန်၊ အဆောက်အအုံ ကဏ္ဍ၌ ဟိုတယ်များ၊ Super Market နှင့် Shopping Mall များ၊ ဆေးရုံများ စသည့် စီးပွားရေးအဆောက်အအုံများ (Commercial Building) တွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်စေရေးနှင့် ကုန်ကျစရိတ်သက်သာစေရန်ရည်ရွယ်၍ စက်မှုဆိုင်ရာနှင့် အဆောက် အအုံဆိုင်ရာကဏ္ဍကြီးနှစ်ရပ်တွင် စွမ်းအင်သုံးစွဲမှု စစ်ဆေးပေးခြင်း/ Energy Audit ပြုလုပ်ခြင်း၊ စွမ်းအင်သုံးစွဲမှုများသောစက်ရုံများ၊ စီးပွားရေး အဆောက်အအုံများအတွက် Energy Manager များ ခန့်ထားနိုင်ရန် မွေးထုတ်ပေးခြင်း၊ Energy Efficiency and Conservation Technology များ လက်ဆင့်ကမ်းပို့ချပေးခြင်း၊ စွမ်းအင်သုံးစွဲမှုများသောစက်ရုံများ၊ စီးပွားရေးအဆောက်အအုံများအား ဥပဒေမူဘောင်များဖြင့် ထိန်းကျောင်းနိုင်ရေးနှင့် တစ်ဖက်မှ နိုင်ငံတော်၏အားပေးထောက်ပံ့မှုများ ရရှိနိုင်ရေးဆောင်ရွက်ပေးသွားရန်၊ လက်တွေ့အသုံးချ နိုင်မည့် စွမ်းအင်သုံးစွဲမှုဆိုင်ရာလမ်းညွှန်ချက်များ ထုတ်ပြန်သွားရန်၊ Energy Service Companies (ESCOs) များပေါ်ပေါက်လာရေး လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် Energy Efficiency လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် Initial Investment များ ရရှိနိုင်ရန် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Loan Program များ ထောက်ပံ့နိုင်ရေးအတွက် လိုအပ်သော Financing Mechanism များ သတ်မှတ်ရေးဆွဲရန်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
မရှိမဖြစ် ရေနှင့် ရေထုညစ်ညမ်းမှုထိန်းချုပ်ရေး
သက်ရှိများ အသက်ရှင်ရပ်တည်နိုင်ရန် မရှိမဖြစ်လိုအပ်သော အရာသည် ရေပင်ဖြစ်ပြီး နေ့စဉ်အသုံးပြုရန်၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင် ဆက်သွယ်သွားလာရေးနှင့် စက်မှုလုပ်ငန်းများတွင် နည်းအမျိုးမျိုးဖြင့် အသုံးပြုကြရပါသည်။ နိုင်ငံတော်၏ စီးပွားရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍသည် အရေးကြီးလိုအပ်ချက် ဖြစ်သောကြောင့် စက်မှုလုပ်ငန်းများအတွက် ကုန်ပစ္စည်းထုတ်လုပ် ရာတွင်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးရေကို သဘာဝသယံဇာတ အရင်းအမြစ်တစ်ခုဖြစ်သော မြစ်ချောင်း၊ အင်းအိုင်များနှင့် မြေအောက် ရေတို့မှ မဖြစ်မနေ ထုတ်ယူသုံးစွဲနေရပါသည်။
ရေအရင်းအမြစ်ကို ထုတ်ယူသုံးစွဲသည့် ကုန်ပစ္စည်းထုတ်လုပ်ရန် အတွက် လိုအပ်သော ရေပမာဏကိုသာထုတ်ယူ၍ အကျိုးရှိရှိသုံးစွဲပြီး စနစ်တကျ ပြန်လည်စွန့်ထုတ်ရန်လည်း လိုအပ်ပါသည်။ မြန်မာနိုင်ငံ အတွင်းရှိ အဓိကကျသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များသည် အထက်ပါ လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သကဲ့သို့ ရေကြောင်းပြုပြင် ထိန်းသိမ်းရေးမှာလည်း အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
သဘာဝရေထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်ကိုထိခိုက် လျော့နည်းစေမည့် ဓာတုပျော်ဝင်ပစ္စည်းများနှင့် မပျော်ဝင်ပစ္စည်းများကို မစွန့်ထုတ်စေရန် အလွန်အရေးကြီးပါ သည်။ ရေထုညစ်ညမ်းမှုသည် သဘာဝတရားကြောင့်အဖြစ်နည်းပြီး လူ့ပယောဂကြောင့်သာ ညစ်ညမ်းမှုများပြားကြောင်း တွေ့ရှိရပါသည်။ ရေထဲတွင်ရေမဟုတ်သော အခြားအရာများသည် အတိုင်းအတာတစ်ခုထက် ပိုမိုပါဝင်လာပြီး သောက်သုံးရန်နှင့် စွန့်ပစ်ရန်သင့်တော်မှုမရှိလျှင် ရေထုညစ်ညမ်းခြင်း ဖြစ်စေပါသည်။ ရေထဲတွင်ပျော်ဝင်သည့် စွန့်ထုတ်ဓာတုပစ္စည်းများ ကြောင့် စွန့်ပစ်ရေတွင် အက်စစ်ဓာတ်နှင့် အယ်လ်ကာလီဓာတ် လွန်ကဲ ခြင်းကို ဖြစ်စေပါသည်။
ထို့ပြင် ရေ၏အပူချိန်သည် ပါဝင်ခွင့်ပြုနိုင်သော အပူချိန်ထက် မြင့်မားနေခြင်းနှင့် အဆိပ်အတောက်ဖြစ်စေမည့် ဆိုင်ယာနိုက် (CN)၊ အာဆင်းနစ် (As)၊ ပြဒါး (Hg)၊ ကဒ်မီယမ် (Cd)၊ ခဲ (Pb)၊ ခရိုမီယမ် (Cr) စသည့် ဓာတုပစ္စည်းများကို ရေထဲသို့တိုက်ရိုက်မစွန့်ထုတ်ရန် အလွန်အရေးကြီးပါသည်။ ပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေး ကို အန္တရာယ်ဖြစ်စေမည့် ဤအဆိပ်အတောက်များ ပါဝင်မှုမရှိစေရေးနှင့် ပါဝင်မှုကို အန္တရာယ်ကင်းစွာ စွန့်ထုတ်နိုင်သော နည်းစဉ်သစ်များနှင့် စက်များကို ရွေးချယ်ရန် လိုအပ်ပါသည်။
သင့်လျော်သော စွန့်ပစ်ရေသန့်စင်မှုနည်းစနစ်များကို အသုံးပြုပြီး စွန့်ပစ်ကွန်ကရစ်ကန်များမှ ထုတ်လွှတ်ခြင်း၊ မြေသားကန်များတွင် စိမ့်ဝင်စေခြင်း၊ အငွေ့ပြန်ခန်းခြောက်စေခြင်း၊ ဓာတ်တိုးရေမြောင်းများဖြင့် အဆင့်ဆင့်စစ်ထုတ်ကိရိယာနည်းစဉ်များအသုံးပြု စွန့်ထုတ်နည်းများဖြင့် မြန်မာ့စက်မှုလုပ်ငန်းများမှ သတ်မှတ်ထားသည့် စွန့်ပစ်ရည်အရည် အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်းရအောင် သန့်စင်ပြီးနောက် ဗေဒါကန်များဖြင့် အဆင့်ဆင့်စစ်ထုတ်ပြီးမှသာ နီးစပ်ရာ ကန်၊ ချောင်း၊ အင်းအိုင်များသို့ စွန့်ထုတ်ရမည်ဖြစ်ပါသည်။
ထိုကဲ့သို့ စနစ်တကျနှင့် လိုအပ်သောပမာဏခန့်သာထုတ်ယူပြီး အကျိုးရှိရှိသုံးစွဲရန်နှင့် ပြန်လည်စွန့်ထုတ်သည့်အခါ၌လည်း စနစ်တကျဖြစ်စေရန် စက်ရုံစတင်တည်ဆောက်စဉ်ကပင် တိုင်းတာ တွက်ချက်ထားရန်လိုအပ်ပါသည်။ စက်ရုံစီမံကိန်းအသစ်များ အကောင် အထည်ဖော်သည့်အခါ ရေနှင့်လေထုကိုညစ်ညမ်းခြင်းမရှိသော သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် စက်ကိရိယာများနှင့် ထုတ်လုပ်မှုနည်းစဉ်များဖြစ်စေရန် အလေးဂရုပြုဆောင်ရွက်သင့်ပါသည်။
စွန့်ပစ်ရေဆိုးများကြောင့် ရေထုညစ်ညမ်းမှုမရှိစေရေးနှင့် အဆက်မပြတ် သုတေသနပြုလုပ်၍ ညစ်ညမ်းမှုမှကာကွယ်ရေးအတွက် လိုအပ်မည့်အစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် မြစ်ချောင်းများ အနီးတစ်ဝိုက်တွင်တည်ရှိသော စက်ရုံ၊ အလုပ်ရုံများမှ စွန့်ထုတ်ရေဆိုး များကြောင့် ထိုရေကို အသုံးပြုနေသူများ၊ မြစ်ချောင်းအတွင်းရှိ ရေနေ သတ္တဝါများ၊ အပင်များ စသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ စက်မှုလုပ်ငန်းများအနေဖြင့်လည်း စက်ရုံများမှ စွန့်ထုတ်ပစ္စည်းများဖြစ်သော အစိုင်အခဲစွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်စေရန် အထူးသတိပြု စောင့်ရှောက်သင့် ပါသည်။
ထို့ပြင် စွန့်ပစ်ရေဆိုးများ (Wastewater)ကိုလည်း သတ်မှတ် စံနှုန်းများရအောင် သေချာစွာသန့်စင်ပြုပြင်ပြီးမှသာ စွန့်ပစ်စေခြင်းဖြင့် မြေအောက်ရေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့် ရေအရင်းအမြစ်များ မပျက်စီးစေရန်ကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်ကြောင်းနှင့် သာယာလှပသောနိုင်ငံတော်ကို ရရှိစေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


